Tuesday, October 1, 2013

ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီးမှသာ ဓာတ်ငွေ့ပို့လွှတ်ရန် ကျောက်ဖြူ-တရုတ် ပိုက်လိုင်းဖြတ်သန်းရာ ဒေသများမှ လိုလား

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုမရသေး ချိန်အထိကျောက်ဖြူ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ပို့လွှတ်ခြင်းကို ရပ်နားထားရန် လိုလားကြောင်း ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုမှ ကိုယ်စားလှယ်များက စက်တင်ဘာ ၃၀ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော “ရွှေ သဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့”၏ အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲတွင်ပိုက်လိုင်းဖြတ်သန်းသွားရာတိုင်းဒေသကြီး လေးခုမှတက်ရောက်လာသော ဒေသခံများက မဇ္ဈိမသို့ ပြောကြားခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာကို ဦးဆောင်ရေးသားသူ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးဝင်းအောင်က“ကျွန်တော် တို့ အကြိမ်ကြိမ် တောင်းဆိုပေမယ့် အစိုးရက လုပ်ပေးတာ ဘာမှမရှိသေးဘူး။ ဒါကြောင့် ပြည်နယ်အစိုးရက အာဏာ ခွဲဝေခြင်း၊ ရင်းမြစ်သယံဇာတနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေ ကိုယ့်ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ အခြေခံဥပဒေထဲမှာ ရေးဆွဲပြဌာန်းနိုင်မှ ပိုက်လိုင်းကိုဆက်ပို့ဖို့ တောင်းဆိုပါ တယ်။ ဒီလိုအဆင့်ရောက်ဖို့အတွက် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အရင်တည်ဆောက်ရမှာ ဖြစ်ပါ တယ်။ တိုင်းရင်းသား အားလုံးကလည်း ကိုယ့်ဒေသကထွက်တဲ့ သယံဇာတကို ကိုယ်တိုင်ခံစားချင်ကြလို့ ဒီစစ်ပွဲတွေဖြစ်နေတယ်”ဟု ပြောသည်။

ရှမ်းပြည်နယ် လာရှိုးမြို့မှ တအောင်းလူမျိုးများကိုယ်စားပြု တက်ရောက်လာသူ ဦးမိုင်းလမိုင်ကလည်း “ပိုက်လိုင်းဖြတ်သန်းတဲ့ ကျွန်တော်တို့ဒေသမှာ KIA,TLNA ရှမ်းပြည်တောင်ပိုင်း တပ်မတော်၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် လက်နက်ကိုင်တပ်ဖွဲ့ လေးခုရှိတယ်။ နေရာမရွေး ပစ်ခတ်မှုတွေ ဖြစ်နေတဲ့အတွက် ပိုက်လိုင်းရဲ့လုံခြုံရေးကို ထိခိုက်နိုင်တယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဓာတ်ငွေ့ပို့လွှတ်တာကို လုပ်သင့်တဲ့ အချက်တစ်ချက်
ဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ယင်းအစီရင်ခံစာတွင် ပိုက်လိုင်းဖြတ်သန်းသွားရာ ပြည်နယ်တိုင်းဒေသကြီး လေးခုမှ တိုင်းရင်းသားများ၏ လိုအပ်ချက် ပြဿနာများကို ဖြေရှင်းရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေမှု၊ မြေယာလျော်ကြေးများ မရရှိမှုများ ကို သတင်းမီဒီယာများသို့ ရှင်းလင်းခဲ့ကြပြီး သဘာဝဓာတ်ငွေ့ပို့လွှတ်ခြင်းကို ရပ်နားရန် ပြည်နယ်၊ တိုင်းကိုယ်စားပြု တက်ရောက်လာသူ အသီးသီးက တောင်းဆိုလိုက်သည်။

မကွေးတိုင်းဒေသကြီး ကိုယ်စားပြု တက်ရောက်လာသူ ငဖဲမြို့နယ်မှ ဒေသခံ ဦးမြင့်စိုးက “အခုလက်ရှိ ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွေကတော့ ကျွန်တော်တို့ကို မဖြေရှင်းပေးနိုင်ဘူး။ ကျွန်တော်တို့ဒေသခံတွေရဲ့ နစ်နာမှုကို အမှန်တကယ်သိတဲ့ ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့တွေက လုပ်ပိုင်ခွင့် ရရှိရင်တော့ ဒီနစ်နာဆုံးရှုံးမှုတွေကိုဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့အနေဖြင့် ယင်းအစီရင်ခံစာကို “စည်းတားခြင်း” ဟူသည့် အမည်ဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ သမ္မတခေါင်းဆောင်သောအစိုးရအဖွဲ့၊လွှတ်တော်အသီးသီးနှင့် အကောင်အထည်
ဖော်လျက်ရှိသော ကုမ္ပဏီများသို့ ပေးပို့သွားမည်ဟုလည်း ဦးဝင်းအောင်က ပြောသည်။

အဆိုပါ ကျောက်ဖြူ-တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ ဖြစ်သည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

No comments: