Thursday, October 10, 2013

သံတွဲနှင့် ကျောင်းကုန်း ပဋိပက္ခဖြစ်စဉ်များတွင် နောက်ကွယ်မှ ဖန်တီးလှုံ့ဆော်သူ၊ ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၆၆ ဦးကို ဖမ်းဆီးစစ်ဆေးနေ

သံတွဲနှင့် ကျောင်းကုန်း ပဋိပက္ခဖြစ်စဉ်တွင် နောက်ကွယ်မှ ဖန်တီးလှုံ့ဆော်သူများအဖြစ် ယူဆခံရသူများအပါအ၀င် ကျူးလွန်သူဟု ယူဆခံရသူ ၆၆ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဖြစ်ပွားခဲ့သည့် သံတွဲပဋိပက္ခဖြစ်စဉ်တွင် နောက်ကွယ်မှ အကွက်ချစီမံခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပါဝင်ကျူးလွန်သည်ဟု ယူဆခံရသူ ၆၀ ဦးအား အောက်တိုဘာ ၉ ရက် နံနက်ပိုင်းအထိ ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အလားတူ အောက်တိုဘာ ၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း ပဋိပက္ခဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦး နှင့် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်သည်ဟု ယူဆရသူဒေသခံ ငါးဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းမင်းက ပြောကြားသည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် မြို့နယ်နှစ်ခုအတွင်း တည်ငြိမ်အေးချမ်းသွားပြီဖြစ်သော်လည်း လုံခြုံရေးကို တင်းကျပ်စွာ ချထားနေဆဲဖြစ်ကြောင်း သိရသည်။ ကျောင်းကုန်းပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးထွန်းမင်းက ''အသက် ၁၄ နှစ်အရွယ် ရှိတဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ဦးကို အစ္စလာမ်ဘာသာဝင် အမျိုးသားဖြစ်တဲ့ လှဝင်းဆိုသူက အဓမ္မပြုကျင့်ခဲ့လို့ မိန်းကလေးရဲ့ မိခင်က ရဲစခန်းမှာ တရားလို လုပ်ပြီးတော့ အမှုဖွင့်ခဲ့တယ်။ ဒီသတင်းက ပြန့်သွားပြီးတော့ ဒေသခံတွေက ရဲစခန်းမှာ ကျူးလွန်တဲ့သူကို ထုတ်ပေးဖို့ တောင်းဆိုကြတယ်။ ရဲက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှု ဖွင့်စစ်ဆေးနေတယ်ဆိုတဲ့ အကြောင်းကို ဒေသခံတွေကို ပြန်ရှင်းပြလိုက်တယ်။ အဲဒီ နောက်မကျေနပ်တဲ့ အုပ်စုတစ်စုက အိမ်တွေကို လိုက်ပြီး မီးရှို့ဖျက်ဆီးတော့တာပါပဲ။ အခု လက်ရှိအခြေအနေကတော့ အေးချမ်းသွားပါပြီ။ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့တဲ့လှဝင်းနဲ့ မီးရှို့ဖျက်ဆီးတယ်လို့ ယူဆရသူ ငါးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်'' ဟု ပြောကြားသည်။
ကျူးလွန်သူ လှဝင်းကို ပုသိမ်ခရိုင်တရားရုံးတွင် ဆက်လက်စစ်ဆေးရန်အတွက် ပုသိမ်မြို့သို့ ပို့ဆောင်ထားပြီး ဆက်စပ်ပြစ်မှု ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ''အခုချိန်ထိတော့ ပြန်လည်တည်ငြိမ်နေပါပြီ။ ဆက်စပ်ဖော်ထုတ်စစ် ဆေးရခဲ့တဲ့ အဖြေတွေပေါ် မူတည်ပြီးတော့ ကျူးလွန်တယ်လို့ ယူဆရတဲ့သူတွေကို ဖမ်းဆီးစစ်ဆေးသွားမှာပါ'' ဟု ပြောကြားသည်။
အဆိုပါ သံတွဲပဋိပက္ခဖြစ်စဉ်ကို အောက်တိုဘာ ၂၉ ရက်က မြို့နယ်ခန်းမရှေ့တွင်ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုးတစ်ဦးက သာသနာ့အလံထောင်ထားသည့် သုံးဘီးဆိုင်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက ''သာ့သနာ့အလံထောင်ထားတဲ့ဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့။ဘာဖြစ်တယ် ညာဖြစ်တယ်'' ဆိုကာ ခိုင်းနှိုင်းဆဲဆိုလိုက်သည့်အပေါ် ရခိုင်လူမျိုးက ရဲစခန်း၌ သွားရောက် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆဲဆိုခဲ့သည့် ကမန်လူမျိုးအား သံတွဲမြို့မရဲစခန်းမှ အာမခံပေးခဲ့သဖြင့် ကျေနပ်မှုမရှိသည့် ဒေသခံ ရခိုင်လူမျိုးများနှင့် သံဃာတော်အချို့က ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ရာ ရဲခစန်းမှ အာမခံပေးမှုနှင့် ပတ်သက်၍ ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အပေါ် မကျေမနပ်ဖြစ်သည့် ရခိုင်လူမျိုးအချို့က သာသနာ့အလံကို ဆဲဆိုခိုင်းနှိုင်း ပြောကြားခဲ့သည့် ကမန်လူမျိုးနေထိုင်သည့် နေအိမ်အား ခဲဖြင့်ပစ်ပေါက်ခဲ့သည်မှ အစပြု၍ ယခုကဲ့သို့ လူသေဆုံးမှုနှင့် နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့သည်အထိ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: