Thursday, October 10, 2013

ရခိုင်ပြည်နယ်အတွင်းရှိ ကလေးသူငယ်များ အကျိုးစီးပွားအတွက် ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်ရန် ယူနီဆက် (ဖ်) က သတင်းထုတ်ပြန် တောင်းဆို

B.10.10.2013
သံတွဲမြို့နယ် နန်းချောင်း(အောက်) ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စာသင်ကြားနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ -၀င်းမြင့်ကျော်)

ရခိုင်ပြည်နယ်တွင်းရှိ ကလေးသူငယ်များ အကျိုးစီးပွားအတွက် ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်ရန် ယူနီဆက် (ဖ်) က အောက်တိုဘာ ၇ ရက်က သတင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့တွင် စက်တင်ဘာ ၂၉ ရက်က ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများကြောင့် သေဆုံးခဲ့သူများ ရှိခဲ့သလို အိမ်ခြေ ၁၁၀ ခန့် ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ပဋိပက္ခများကြောင့် မိသားစုဝင် အမြောက်အမြား အခြားနေရပ်များသို့ ရွှေ့ပြောင်းခဲ့ရကြောင်းနှင့် ၂၀၁၂ ခုနှစ် ကတည်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မိသားစုဝင်များ အခြားနေရာများသို့ ရွှေ့ပြောင်း နေထိုင်ခဲ့ကြရပြီး ဒေသခံများသည် ဖြစ်ပေါ်နေ ဆဲ လုံခြုံရေး အခြေအနေများကြောင့် နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တကယ်တမ်း ဒုက္ခရောက်တာကတော့ ကလေးသူငယ်တွေပါပဲ။ တကယ်လို့ မြန်မာနိုင်ငံက ကလေးတွေကို သူတို့နဲ့ ထိုက်တန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်စေဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးတွေ ရရှိစေဖို့ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဦးစားပေး လုပ်ဆောင်သွားရမှာ . . . . .


''မိမိဒေသမှ အခြားနေရာများသို့ ရွှေ့ပြောင်းခြင်းဟာ ကလေးတွေအတွက် မိသားစုနဲ့ခွဲခွာရဖို့၊ အိမ်တွင်း အကြမ်းဖက်ခံရဖို့၊ ကျောင်းမနေနိုင်ဖို့အပြင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ တွေ့ကြုံရမယ့် အန္တရာယ် ပိုများစေပါတယ်။ ဖျက်ဆီးမှုတွေ၊ ရွှေ့ပြောင်း နေထိုင်မှုတွေက ကလေးငယ်တွေ မိသားစုဝင်တွေနဲ့ ရပ်ရွာလူထုတွေရဲ့ ဘ၀ကို ပျက်စီးစေပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်) ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဆက်တိုက် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ယခု ဒုတိယနှစ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် လက်ရှိ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံးအပေါ်လည်း အနုတ်လက္ခဏာဆောင်မည့် ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်စေမည်ဟု ယူနီဆက်(ဖ်)က စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ မကြာမီက တောင်းဆိုခဲ့သည့် ''ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး'' တောင်းဆိုမှုများနှင့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက် ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ဖမ်းဆီး ထိန်းသိမ်းထားမှုအပေါ် ယူနီဆက် (ဖ်)က ကြိုဆိုခဲ့ကြောင်းနှင့် ယူနီဆက်(ဖ်)သည် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်သူအားလုံးနှင့် အထူးသဖြင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ကျူးလွန်သူများကို တရားဥပဒေနဲ့အညီ အရေးယူ အပြစ်ပေးရန် တောင်းဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
''ယခုအချိန်ဟာ မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ အချိန်တန်ပါပြီ။ အမုန်းစကားတွေ ၀ါဒဖြန့်မှုတွေနဲ့ ပြဿနာဖြစ်ပွားအောင် လှုံ့ဆော်မှုတွေဟာ ဆူပူ အကြမ်းဖက်မှုတွေကို ကျူးလွန်စေပါတယ်။ တကယ်တမ်း ဒုက္ခရောက်တာကတော့ ကလေးသူငယ်တွေပါပဲ။ တကယ်လို့ မြန်မာနိုင်ငံက ကလေးတွေကို သူတို့နဲ့ ထိုက်တန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်စေဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးတွေ ရရှိစေဖို့ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဦးစားပေး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်'' ဟု မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ဆက်လက် ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: