Thursday, October 10, 2013

ရခိုင်ကမ်းရိုးတန်းမှ တိုက်တေနီယမ်သတ္တုအား ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်တူးဖော်မည်

G.10.10.2013
ဒုံးပိုက်ကျေးရွာအနီး စမ်းသပ်ခဲ့သော နေရာအား မြင်ရစဉ်
ရခိုင်ပြည်နယ် မောင်တောနှင့် စစ်တွေ ခရိုင်အတွင်းရှိ ပင်လယ်ကမ်းခြေတစ်လျှောက် သဲထဲတွင် ရှားပါး တိုက်တေနီယမ်သတ္တုများ ရောနှောပါဝင်နေကြောင်း တွေ့ရှိရသဖြင့် ယင်းသတ္တုကုန်ကြမ်းများကို ၂၀၁၄ နှစ်ဆန်းပိုင်းမှ စတင် တူးဖော်တော့မည်ဟု သိရသည်။
အဆိုပါ သတ္တုများအား ပြည်တွင်းအခြေစိုက် သတ္တုရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်သော Gold Finder Co.,Ltd မှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ဒေသခံများ၏ သဘောထား မှတ်ချက်များကိုလည်း ကွင်းဆင်းရယူ ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အစိုးရနှင့် ဒေသခံများက ကန့်ကွက်စရာမရှိဟု ခံဝန်ချက် ကတိများ ရရှိထားပြီးဖြစ်ကြောင်း Gold Finder Co.,Ltd မှ အထွေထွေမန်နေဂျာ ဦးမောင်မောင်က ပြောကြားခဲ့သည်။
Gold Finder Co.,Ltd မှ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် ပင်လယ်ကမ်းခြေ ဒေသအတွင်း မြေဧရိယာ ၄၉ ဒသမ ၀ ဧကစီရှိ လုပ်ကွက် ၁၀ ကွက်တွင် တိုက်တေနီယမ် စမ်းသပ် တိုင်းတာခွင့်ပြုရန်ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စက်တင်ဘာ ၁၇ ရက်စွဲဖြင့် အခြားလူပုဂ္ဂိုလ်ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် နေရာများနှင့် ကင်းလွတ်မှု ရှိသောနေရာများတွင် ဆောင်ရွက်ရန်အတွက် ကန့်ကွက်ရန် မရှိကြောင်း ပြန်ကြားခဲ့ကြောင်းလည်း သိရသည်။
''သတ္တုထုတ်လို့ ကမ်းခြေမပျက်နိုင်ပါဘူး။ ကျွန်တော်တို့က ဟိုးအောက်က သဲတွေကို မှုတ်ယူပြီးတော့ စက်နဲ့ တိုက်တေနီယမ်ကို စစ်ယူမှာဖြစ်တယ်။ သဲတွေကတော့ သူ့နေရာအတိုင်း ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ နောက်ဖေဖော်ဝါရီလအတွင်းမှာ ကျေးရွာ ၁၁ ရွာကိုလည်း ကွင်းဆင်းပြီး ဆန္ဒသဘောထားကို ယူပြီးပါပြီ။ သူတို့ကလည်း ကန့်ကွက်ရန်မရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လက်မှတ်ထိုးပြီး ပြန်ကြားကြပါတယ်။ ပြည်ထောင်စု ၀န်ကြီးဌာနက ချပေးတဲ့ အချက်သုံးချက်ဖြစ်တဲ့ လုပ်ကွက်တွေဟာ စီမံကိန်းမြေ ရှိမရှိ၊ စိုက်ပျိုးရေးမြေ လွတ်ကင်း၊ မလွတ်ကင်းပေါ့၊ လုံခြုံရေးရရှိ၊ မရရှိ ဆိုတာတွေကို ပြည်နယ်အစိုးရ ရုံးကနေ အကြောင်းပြန်ပြီး ဖြစ်ပါတယ်'' ဟု အထွေထွေ မန်နေဂျာ ဦးမောင်မောင်က ဆိုသည်။
ရသေ့တောင်မြို့နယ်၊ အငူမော်ရွာမှ မောင်တောမြို့နယ် ကျောက်ပန်းတူရွာ ကမ်းခြေတစ်လျှောက် ရှားပါး တိုက်တေနီယမ် သတ္တုတူးဖော်လုပ်ကိုင်ရာမှာ လိုအပ်သည့် စက်ပစ္စည်းများ၊ နည်းပညာရှင်များကို တရုတ်နိုင်ငံမှ ခေါ်ယူ လုပ်ကိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်အတွက် စက်အခြေအနေအပေါ် မူတည်ကာ ဒေသခံတစ်ရာခန့်အား အလုပ်လုပ်ခွင့် ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
''ကျွန်တော်တို့ ပြည်နယ်အစိုးရနဲ့ ဆွေးနွေးတဲ့အခါ သတ္တုသန့်စင် စက်ရုံတည်ဖို့ ကိစ္စတစ်ခုလည်း ပါဝင်ပါတယ်။ စက်ရုံတည်ဖို့ဆိုရာမှာ လျှပ်စစ်မီးကလိုလို့ လျှပ်စစ်မီးသာ ရရင်တော့ ကုန်ကြမ်းကို ဘယ်မှသယ်သွားစရာမလိုတဲ့ အဲဒီကမ်းခြေမှာပဲ စက်ရုံတည်မှာ ဖြစ်ပါတယ်။ အခုတော့ လျှပ်စစ်ရရှိတဲ့ နေရာတွေဖြစ်တဲ့ ကျောက်ဖြူဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ် စက်ရုံတည်လုပ်ရမှာ ဖြစ်ပါတယ်။ သတ္တုကုန်ကြမ်းတွေကို တရုတ်နိုင်ငံကိုပဲ အဓိကထား တင်ပို့သွားဖို့ ရှိပါတယ်'' ဟု ဦးမောင်မောင်က ဆိုသည်။
တိုက်တေနီယမ်သတ္တုများမှာ ပေါ့ပါးခိုင်ခန့်၍ လေယာဉ်ကိုယ်ထည် ဒုံးကျည်ကိုယ်ထည်များ ပြုလုပ်ရာတွင်သုံးသည့် တန်ဖိုးကြီး သတ္တုအမျိုးအစား ဖြစ်ကြောင်းလည်း သိရသည်။ ယင်းသို့ ရခိုင်ပင်လယ်ကမ်းခြေမှ သတ္တုထုတ်လုပ်မည့် အကြောင်းအား အစိုးရအနေဖြင့် ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြပြောဆိုခြင်း၊ ဆန္ဒသဘောထား ကောက်ယူခြင်းများ မလုပ်ဆောင်သေးကြောင်းနှင့် ပြည်သူများ အနေဖြင့်လည်း သတ္တုတူးဖော်ခြင်းဖြင့် မည်သည့် အကျိုးကျေးဇူးရရှိမည်၊ မည်သို့ ဆိုးကျိုးဖြစ်လာမည်ကိုလည်း မသိရှိသေးသဖြင့် စီမံကိန်းမစတင်မီ ပွင့်လင်းမြင့်သာစွာ ချပြသင့်ကြောင်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: