ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား အမေရိကန် သံအမတ်ကြီး HE.Mr.Derek Mitchell က လာရောက်တွေ့ဆုံစဉ်
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး HE.Mr.Derek Mitchell တို့ အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဦးခင်ရီ၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဦးဘုန်းဆွေနှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် လူ့အဖွဲ့အစည်း နှစ်ခုအတွင်း အချင်းချင်း သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းနိုင်ရေး ဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးရေး ဆိုင်ရာများအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းစဉ်တွင် တရားမ၀င် ၀င်ရောက်လာသူများ မည်မျှရှိသည်ကို သိရှိစေရန် ဦးစွာစိစစ်ပြီးမှ နှစ်ဖက်လူမှု အဖွဲ့အစည်း သဟဇာတ ဖြစ်မှုကို ဖြေရှင်းနိုင်မည် ဖြစ်သည့်အတွက် ဖြစ်မြောက်အောင် ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ဤသို့ လုပ်ဆောင်ရာတွင် တတိယအဖွဲ့၏ အကူအညီလိုအပ်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ယခုလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အချိန်သတ်မှတ်ချက် ပါရှိစေလိုပါကြောင်းနှင့် သတင်းထုတ်ပြန်မှု ပိုမိုလုပ်ဆောင် ပေးစေလိုကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပို၍ပါဝင် ကူညီလာစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
No comments:
Post a Comment