Friday, October 11, 2013

အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ခဲ့

8.1.1
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူညီချက် ခုနစ်ချက်အား လက်မှတ်ရေးထိုး၍ လဲလှယ်နေကြစဉ်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ စတင်ပြီး သုံးရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ကေအိုင်အိုမှ တောင်းဆိုသည့် အချက်နှစ်ချက်အား သဘောတူခဲ့ပြီး စစ်ရှောင် ဒုက္ခသည်များ မူလအရပ်ဒေသသို့ ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပေါ်ရေး အတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး အပါအ၀င် သဘောတူညီချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
အစိုးရနှင့် ကေအိုင်အိုတို့သည် လွန်ခဲ့သော မေလအတွင်းက နောက်ဆုံးအကြိမ်အဖြစ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး လေးလအကြာတွင် ပြန်လည်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယခုဆွေးနွေးပွဲတွင် လေးလအတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အခြေခံကာ ဆွေးနွေးကြခြင်းဖြစ်ပြီး မေလဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြားတွင် တိုးတက်မှုများ ရှိခဲ့သည်ဟု အစိုးရနှင့် ကေအိုင်အိုတို့မှ ပြောကြားသည်။ ထို့အပြင် ယခုဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ပထမအဆင့်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကေအိုင်အို ပါဝင်လာရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် အစိုးရနှင့် ကေအိုင်အို ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူညီ ခဲ့ကြသည်။
သဘောတူညီ ချက်များအရ ကေအိုင်အိုမှ တောင်းဆိုထားသော အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု အစိုးရမှ စီမံချက်များကို ပေးပို့မည်ဖြစ်ပြီး အဆိုပါ စီမံချက်များကို ကေအိုင်အို အဖွဲ့အတွင်း ဆွေးနွေးသွားမည် ဖြစ်သည်။ ၎င်းအပြင် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့က တောင်းဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကျင်းပရန်အတွက် အစိုးရမှ သဘောတူ ခွင့်ပြုခဲ့သည်။
တိုက်ပွဲများကြောင့် နေရပ်များကို စွန့်ခွာပြီး တိမ်းရှောင်ထွက်ပြေး နေရသည့် စစ်ပြေး ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး မူလအရပ် ဒေသသို့ ပြန်နိုင်ရေးနှင့် ပြန်လည် ထူထောင်ရေး အတွက် အခြေခံရမည့် မူများနှင့် စီမံချက် တစ်ရပ် ရေးဆွဲနိုင်ရန် နှစ်ဖက်အလုပ်အဖွဲ့ (Technical Team) များနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ပြီး အနည်းဆုံး ရွာလေးရွာ ရွေးချယ်ကာ ရှေးဦးစီမံချက် (Pilot Project) အဖြစ် ညှိနှိုင်းဆောင်ရွက် သွားမည်ဟု သိရသည်။
ယခုဆွေးနွေးပွဲတွင် ကေအိုင်အိုမှ တင်ပြသည့် ခေါင်းစဉ်ဖြစ်သော ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေးအတွက် ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်သည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန် သဘောတူပြီး ဆောင်ရန်နှင့် ရှောင်ရန်အချက်များ အပါအ၀င် အခြေခံမူနှင့် စည်းကမ်းချက်များကို နှစ်ဖက်အလုပ်အဖွဲ့ (Technical Team) များ တွေ့ဆုံဆွေးနွေးပြီး ရေးဆွဲကြမည် ဖြစ်သည်။
ပဋိပက္ခများကြောင့် ပုံမှန်သွားလာနိုင်ခြင်း မရှိသော အများပြည်သူသုံး လမ်းများနှင့် အရေးပါသောလမ်းများ ပုံမှန်ပြန်လည် သွားလာနိုင်ရေး အတွက် နှစ်ဖက်ညှိနှိုင်းပြီး အမြန်ဆုံးပြန်လည် ဖွင့်လှစ်ရန် အတွက်လည်း သဘောတူညီချက် တစ်ခုအနေဖြင့် ရရှိခဲ့ကြောင်း သိရသည်။ အစိုးရ အနေဖြင့် ကချင်လူထုနှင့် ကေအိုင်အိုတို့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေး တိုင်ပင်ခြင်း (Public Consultation) ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ခွင့်ပြုခဲ့သည်။ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်နိုင်မီ ကြားကာလများတွင် (Technical Team) များ အချင်းချင်း တွေ့ဆုံဆွေးနွေးကြရန် နှစ်ဖက်တာဝန် ရှိသူများက သဘောတူညီ ခဲ့ကြသည်။
အစိုးရနှင့် ကေအိုင်အိုတို့၏ သုံးရက်ကြာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''ဆွေးနွေးပွဲမှာ အကြမ်းဖျင်းအားဖြင့် အချက်ခုနစ်ချက် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ နောက်ထပ်တိုက်ပွဲတွေ ထပ်မဖြစ်အောင် ဆွေးနွေးနိုင်ခဲ့ပါတယ်။ IDP Camp တွေ ပြန်လည်နေရာ ချထားရေးကို Pilot Project တွေနဲ့စဖို့ သဘောတူခဲ့ပါတယ်။ စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ဖို့က အရင်ကတည်းက မူအားဖြင့် သဘောတူခဲ့ပြီးပါပြီ။ အခု အသေးစိတ် ပြန်ဆွဲနေပါတယ်။ နောက်တစ်ခါ လမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ သဘောတူပါတယ်။ နောက်တစ်ချက်ကတော့ ငြိမ်းချမ်းရေး ရတာကို ပြည်သူတွေသိဖို့ လိုပါတယ်။ ဒါကြောင့် (Public Consultation)ကို ပြည်သူတွေဆီ ချပြဖို့ ကေအိုင်အိုက လုပ်ဖို့ သဘောတူခဲ့ပါတယ်။ နောက်ဆုံးအချက် အနေနဲ့ကတော့ ဒီလိုဆွေးနွေးပွဲတွေ မဖြစ်မီမှာ (Technical Team) အချင်းချင်း တွေ့ဆုံကြဖို့ပါ။ အောင်မြင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးလို့ ပြောလို့ရပါတယ်'' ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကချင်တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခြင်း မရှိသေးသော်လည်း ၎င်းအနေဖြင့် ကချင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု ရရှိခဲ့ပြီဟုသာ ယူဆကြောင်း ဦးအောင်မင်းက ပြောကြားသည်။
''ကေအိုင်အိုအနေနဲ့ အပစ်အခတ် ရပ်စဲရေးမှာ လက်မှတ် မထိုးသေးတာက ကျွန်တော်တို့ ကေအိုင်အိုမှာ ခိုင်မာတဲ့ ခံယူချက် ရှိပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရ၊ သင်ခန်းစာအရ ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုး မရောက်ရင် လက်မှတ်မထိုး နိုင်သေးတာ ကေအိုင်အိုရဲ့ သဘောထား ဖြစ်ပါတယ်။ ဒါကတော့ အရင်အတွေ့အကြုံ တွေကြောင့်ပါ။ ဒါကြောင့်လည်း cease-fire မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးရအောင်လို့ ပြောနေတာ ဖြစ်ပါတယ်။ cease-fire မလုပ်ဘဲ တိုက်ပွဲတွေ ဘယ်လိုလျှော့ချမလဲ၊ နည်းအောင်ဘယ်လို လုပ်မလဲ။ ထိုနည်းလည်းကောင်းပဲ cease-fire မထိုးထားသော်လည်း တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဘယ်လိုပါဝင် နိုင်မလဲဆိုတာ ဆွေးနွေးနေတာပါ။ cease-fire မထိုးတာကတော့ ကေအိုင်အို အနေနဲ့ ခိုင်မာတယ်လို့ ယုံကြည်စိတ်ချရတဲ့ အခြေအနေလို သတ်မှတ်တဲ့ ကေအိုင်အိုရဲ့ စိုးရိမ်စိတ်ကြောင့် ဖြစ်ပါတယ်'' ဟု အပစ်အခတ် ရပ်စဲရေး စာချုပ်အား ကေအိုင်အိုမှ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးမှုအပေါ် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: