Wednesday, October 9, 2013

ကျောက်ဖြူတွင် ဂက်စ်ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလာပြီးနောက် မီတာသတ်မှတ်ခ နှုန်းထားများ ကျဆင်းလာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရွှေဂက်စ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလာပြီးနောက် လျှပ်စစ်မီတာ သတ်မှတ်ကြေးမှာလည်း နှစ်ကြိမ်တိုင်တိုင် ပြောင်းလဲမှု ဖြစ်ပေါ်ပြီး ယခင်သတ်မှတ် ဈေးနှုန်းထက် ထက်ဝက်ခန့်ထိ ကျဆင်းသွားကြောင်း သိရသည်။
ဂက်စ်ဖြင့် လျှပ်စစ်မီး မပေးမီ ကာလများက လျှပ်စစ်မီတာ တစ်လုံး လျှောက်ရန်အတွက် သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်ဌာနသို့ ငွေကျပ် ၁၁၄၀၀၀ တိတိ ပေးသွင်းရပြီး ဂါတ်(စ်)နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလာသည့် စက်တင်ဘာ ၁၅ ရက်မှ လကုန်ထိ မီတာခ နှုန်းထားများမှာ ကျပ် ၈၅၀၀၀ သို့ တစ်ကြိမ် ကျဆင်းသွားကြောင်း၊ ယင်းနောက် အောက်တိုဘာ ၁ ရက်မှစပြီး ကျပ် ၆၅၀၀၀ သို့ ကျဆင်းသွားကြောင်း မီတာလျှောက်ထား သူများ၏ ငွေရပြေစာ ဖြတ်ပိုင်းအရ သိရသည်။
ယခင်က မီတာသတ်မှတ်ဈေးနှင့် လျှပ်စစ်မီတာ ယူနစ်ခများ မတရား ဈေးမြင့်လွန်းသည့်အတွက် လျှပ်စစ်မီး သုံးစွဲရန် အခက်အခဲများ ရှိနေကြသည့် အခြေခံ လူတန်းစားများအားလုံး တစ်ပြေးညီ လျှပ်စစ်မီး သုံးစွဲနိုင်ရန်အတွက် ဈေးလျှော့ပေးလာခြင်းဖြစ်ပြီး မီတာသတ်မှတ် ဈေးနှုန်းထားများကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် ထုတ်ပြန်ထားရှိမှုများ ရှိကြောင်း သိရသည်။
"ဂက်စ်နဲ့ လျှပ်စစ်မီး ပေးလာပြီး လျှပ်စစ်ဌာနမှ မီတာသတ်မှတ်ကြေးကို ၆၀၀၀၀ ကျပ်၊ Transparent Mete Boxa ကြေးကို ကျပ် ၁၅၅၀၀၊ မီးဆက်ခ+ကြီးကြပ်ခကို ကျပ် ၅၀၀၀၊ အာမခံ စပေါ်ကြေးကို ကျပ် ၄၀၀၀ နှင့် မီတာလျှောက်လွာကြေးကို ကျပ် ၁၀၀၀ သတ်မှတ်ပြီး ထုတ်ပြန်ထားတာကို တွေ့ရတယ်။ ဒီသတ်မှတ်ကြေးအားလုံး ပေါင်းလိုက်ရင်တော့ ကျပ် ၈၅၀၀၀ ကျတယ်။ ယင်းနောက်မတိုင်မီ မီတာတစ်လုံး လျှောက်ဖို့အတွက် ဒီသတ်မှတ်ကြေး ပုံစံအတိုင်း ပေးခဲ့ရတယ်။ ကျပ် ၁၁၄၀၀၀ ပေးခဲ့ရတုန်းကတော့ လူထုသို့ ပွင့်လင်းမြင်သာမှုရှိအောင် ထုတ်ပြန်ထားမှု မရှိခဲ့ပါဘူး" ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။
ထို့ပြင်မြို့နယ် လျှပ်စစ်ဌာနမှာ ယခင်ကမြို့ မီးလင်းရေး ကော်မတီနှင့် ပူးပေါင်းပြီး လျှပ်စစ်မီးပေးချိန် တိုးမြင့်လာခဲ့သော်လည်း မြို့မီးလင်းရေး ကော်မတီ၏ လူထုဆန္ဒ သဘောထားများ မပါဘဲ မီတာခ တစ်ယူနစ်ကို ကျပ် ၅၀၀ ကောက်ခံခဲ့သည့်အပြင် မြို့မီးလင်းရေး ကော်မတီမှ ခန့်အပ်ထားသည့် ၀န်ထမ်းတချို့မှာလည်း မီတာတပ်ဆင်ခ၊ ၀ိုင်ယာရိန်း ရိုက်ခများကို မတရား တောင်းခံမှုများ ရှိနေကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ဒေသထွက် ရွှေဂက်စ်ဖြင့် မီတာခ တစ်ယူနစ်လျှင် အိမ်သုံးကျပ် ၃၅၊ စီးပွားရေး လုပ်ငန်းသုံး ကျပ် ၇၅ ဖြင့် ကျောက်ဖြူအပြင် အနီးကျေးရွာ ၂၁ ရွာသို့လည်း လျှပ်စစ်ဓာတ်အား အချိန်ပြည့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: