Wednesday, October 9, 2013

တရားမ၀င် ၀င်ရောက်လာမှု ပြဿနာနှင့် ဖော်ထုတ်ရမည့် သူများ (ဆောင်းပါး)

8.1.1
နိုင်ငံရဲ့ ပထ၀ီ အနေအထားအရ လူဦးရေ များပြားပြီး အင်အားကြီး နိုင်ငံတွေအ ကြားမှာရှိနေတဲ့ မြန်မာနိုင်ငံဟာ အခွင့်အလမ်းနဲ့အတူ အိမ်နီးချင်း နိုင်ငံတွေရဲ့ သက်ရောက်မှုတွေ ရှိနေခဲ့ရာ နိုင်ငံရဲ့အနောက်ပိုင်းက ထိစပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားမ၀င် ၀င်ရောက် လာမှုတွေကို ကာကွယ်တားဆီးဖို့ဟာ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စပဲဖြစ်ပါတယ်။
လှေများဖြင့် ခိုးဝင်နေသူများ တရားမ၀င် ၀င်ရောက်လာမှုတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ရခိုင်တိုင်းရင်းသားတွေ တွေ့ဆုံပွဲမှာ လက်ရှိ ရခိုင်ပြည်နယ် အတွင်း ချောင်းများအတွင်းမှာ လှေများဖြင့် ဘင်္ဂါလီများ ခိုးဝင်ခိုးထွက် များပြားနေတယ်လို့ ရခိုင်တိုင်းရင်းသားတွေက ဝေဖန်မှုတွေ ရှိခဲ့တယ်လို့ မီဒီယာတွေမှာ ပါရှိခဲ့ပါတယ်။ ဒီလို ခိုးဝင်လာမှုတွေဟာ လာမယ့် ၂၀၁၄ ခုနှစ် မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ်ဆိုတဲ့ သတင်းကြောင့် ၀င်ရောက်မှု များလာတာလို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ရခိုင်တိုင်းရင်းသား ဒေသခံတွေက ဆိုကြပါတယ်။ ဘင်္ဂါလီ ခိုးဝင်မှုတွေဟာ ဘယ်လောက် အတိုင်းအတာအထိ ရှိနေသလဲ ဆိုတာ မသိရပေမယ့် ခိုးဝင်မှုတွေကို ထိရောက်တဲ့ တားဆီးမှု ပြုလုပ်ရာမှာတော့ အားနည်းမှုတွေ ရှိနေသလားဆိုတာ စဉ်းစားစရာ ရှိလာပါတယ်။ လက်ရှိမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးများ ကာရံထားသော်လည်း လုံခြုံမှု အပြည့်အ၀မရဘဲ အထူးသဖြင့် ချောင်းများအတွင်းမှ ဘင်္ဂါလီများ ခိုးဝင်မှုများ ရှိနေသေးတယ်လို့ ဝေဖန်မှုတွေ ရှိနေတာကြောင့် အာဏာပိုင်တွေ အနေနဲ့ ခိုးဝင်လာသူတွေကို တားဆီးဖို့ နည်းလမ်းတွေရှာဖွေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ပြည်တွင်းနေသူက စီစဉ်ပေးတဲ့ဖြစ်ရပ်
ဘင်္ဂါလီခိုးဝင် မှုတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက ဘင်္ဂလား ပင်လယ်အော်မှတစ်ဆင့် စက်လှေနဲ့ ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ ဘင်္ဂါလီ ၅၀ ကျော်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး အဲဒီဘင်္ဂါလီတွေကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ နေရပ်သို့ ပြန်လည်ပို့ဆောင် ခဲ့တယ်လို့ သတင်းတွေ ဖတ်ခဲ့ရပါတယ်။ ခိုးဝင်လာကြတဲ့ ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံကတစ်ဆင့် မလေးရှားနိုင်ငံကို သွားဖို့ သင်္ဘောနဲ့ လာရာက လမ်းမှားပြီး ၀င်လာတာဖြစ်ပြီး အဲဒီဘင်္ဂါလီတွေကို မောင်တောမြို့နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီတစ်ဦးက မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲ၊ နှစ်သိန်းနှုန်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ခေါ်ဆောင်သွားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ နဲ့အတူ စက်လှေနဲ့ ထွက်လာရာက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကိုကြည့်ရင် တရားမ၀င် လာရောက်မှုတွေဟာ လူကုန်ကူးတဲ့ ဖြစ်စဉ်တွေနဲ့ နှီးနွှယ်နေတာ တွေ့ရမှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော် တရားမ၀င် ၀င်ရောက်မှုတွေမှာ အခကြေးငွေယူပြီး ပို့ဆောင်သူတွေကို တားဆီးဖို့ လိုအပ်နေတယ်ဆိုတာ ညွှန်ပြနေတဲ့ ဖြစ်စဉ်တစ်ရပ်ပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် ညမှာလည်း ကျွန်းစုမြို့နယ်အပိုင် ပထော်နှင့်မြိတ်မြို့ ရေပြင်ကြားမှာ ဘင်္ဂါလီတွေကို သယ်ဆောင်ပေးလေ့ရှိတဲ့ စက်လှေတစ်စင်းကို ဘင်္ဂါလီသုံးဦး လှေသား ၁၃ ဦးနဲ့ အတူ AK 47 သေနတ်တစ်လက်၊ ကျည်ကတ် နှစ်ကတ်၊ ကျည်ဆန် ၂၁ တောင့်ဖြင့် ဖမ်းဆီးရမိခဲ့ပြီး အဲဒီစက်လှေဟာ ဘင်္ဂါလီ တစ်ဦးလျှင် ထိုင်းဘတ် ၅၀၀၀ ဖြင့် ဘင်္ဂလားဒေ့ရှ်မှ မြန်မာ့ရေပိုင်နက်အား ဖြတ်သန်းကာ ထိုင်းနိုင်ငံသို့ သွားရောက် ပို့ဆောင်ဖို့အသွား ဖမ်းဆီးနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေဟာလည်း နိုင်ငံတွင်း တရားမ၀င် ဖြတ်ကျော်ဝင်ရောက် မှုတွေမှာ ပါဝင်ပတ်သက် သူတွေရဲ့ အနေအထားကို သတိပြုစရာ ကောင်းပါတယ်။

ဒါကြောင့် တရားမ၀င် ၀င်ရောက်လာတဲ့ ပြဿနာအပြင် လက်ရှိပြည်တွင်းမှာ ရှိနေသူတွေကိုလည်း နိုင်ငံသား စိစစ်မှုကို ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှု မတိုင်မီ ကောက်ယူဖို့လိုအပ်ပြီး နိုင်ငံသား စိစစ်မှုတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်...
ဖြေရှင်းရမယ့် ပြဿနာ
ဒီနေရာ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်တဲ့ ဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ ပြည်တွင်းနေ ဘင်္ဂါလီတွေရဲ့ ပြဿနာဟာ ထိထိရောက်ရောက် ဖြေရှင်းရမယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတွင်း တရားမ၀င် လာရောက်မှု ဖြစ်စဉ်တိုင်းမှာ ပြည်တွင်းနေ ဘင်္ဂါလီတွေရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတာကို တွေ့နေရတာကြောင့် အဲဒီလိုဖြစ်ရပ် ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး အရေးယူဖို့လိုပါတယ်။ ပြည်ပက ခိုးဝင်လိုသူတွေကို ဘယ်သူက နည်းပေးလမ်းပြ လုပ်နေသလဲ ဆိုတာ ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ အတားအဆီးတွေ ရှိနေတဲ့ကြားက ခိုးဝင်မှုတွေ ရှိနေမယ်ဆိုရင် အဲဒီပြဿနာကို ဖြေရှင်းဖို့ အဖြေရှာကြရမှာပါ။ ရခိုင်ဒေသခံတွေ ဝေဖန်မှုရှိနေသလို ခိုးဝင်မှုတွေ ဆက်လက် ရှိနေတယ်ဆိုတဲ့ ဖြစ်ရပ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ စုံစမ်းဖော်ထုတ်ကာ ပြည်တွင်းက နေထိုင်သူတွေ ပါဝင်ပတ်သက်မှု ရှိမရှိ ဖော်ထုတ်ကြဖို့ လိုပါတယ်။
သန်းထောင်ချီ ကုန်ကျနေရ
ခိုးဝင်မှု ပြဿနာတွေအပြင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံဖို့ သက်ဆိုင်ရာက စီစဉ်ခဲ့မှုတွေမှာလည်း ဘင်္ဂါလီတွေက ငြင်းဆန်ခဲ့သဖြင့် အကြိမ်ကြိမ် ရပ်တန့်ထားခဲ့ရပြီး ဘင်္ဂါလီများက လူမျိုးနေရာတွင် ရိုဟင်ဂျာလို့ ထည့်သွင်းရေးသား ဖော်ပြရန် တောင်းဆိုမှုတွေ ရှိခဲ့သလို အဲဒီလိုငြင်းဆန်မှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်သူတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ဘင်္ဂါလီများနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရာမှာ တကယ့် အခြေအနေမှန်ကို စုံစမ်းပြီး ဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ဘင်္ဂါလီ ပြဿနာဟာ လွယ်ကူတဲ့ ပြဿနာ မဟုတ်ပါဘူး။ လက်ရှိမှာ ရခိုင်ပြည်နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီဒုက္ခသည် မိသားစုများ အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေ ကျပ် ၆၄၉၅ ဒသမ ၄၇၈ သန်းမှ အများဆုံး သုံးစွဲခဲ့ရသလို ဒေသတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လယ်/ဆည် ၀န်ကြီးဌာန၊ မွေး/ရေ၀န်ကြီးဌာန၊ စွမ်းအင် ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနှင့် ကျန်းမာရေး ၀န်ကြီးဌာနတို့မှ ကျပ် ၁၅၅၀ ဒသမ ၄၇၈ သန်းကို သုံးစွဲခဲ့ရသလို ဆက်လက် သုံးစွဲရမယ့် အခြေအနေလည်း ရှိနေဆဲပါ။
ဒါကြောင့် တရားမ၀င် ၀င်ရောက်လာတဲ့ ပြဿနာအပြင် လက်ရှိပြည်တွင်းမှာ ရှိနေသူတွေကိုလည်း နိုင်ငံသား စိစစ်မှုကို ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှု မတိုင်မီ ကောက်ယူဖို့လိုအပ်ပြီး နိုင်ငံသား စိစစ်မှုတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဘင်္ဂါလီလို့ ဆိုလိုက်တာနဲ့ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဒေသခံတွေနဲ့ဘင်္ဂါလီတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တာကို အမှတ်ရကြမှာဖြစ်ပြီး လက်ရှိမှာလည်း သံတွဲမြို့မှာ ပဋိပက္ခအချို့ ဖြစ်ပွားနေရပေမယ့် အဓိက အစပြုခဲ့တဲ့ ပြဿနာက ပြည်ပက တရားမ၀င် လာရောက်အခြေချ သူတွေနဲ့ ဆက်စပ်တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ နိုင်ငံဖြတ်ကျော် တရားမ၀င် ၀င်ရောက်မှု ပြဿနာတွေမှာ ဘင်္ဂါလီတွေမို့ အရေးယူရမယ်လို့ ဆိုတာထက် တရားမ၀င် ၀င်ရောက်လာသူဆိုရင် တရုတ်ဖြစ်စေ၊ ထိုင်းဖြစ်စေ ဘယ်နိုင်ငံသားကိုမဆို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ အရေးယူရမှာ ဖြစ်ပါတယ်။ တရားမ၀င် ၀င်ရောက်လာမှုတွေနဲ့ ပတ်သက်ပြီး ဒေသတွင်း အာရှနိုင်ငံတွေမှာ ပြတ်ပြတ်သားသား ဆောင်ရွက်လေ့ရှိရာ နိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်လာမှု တွေကိုလည်း ထိထိရောက်ရောက် နှိမ်နင်းသင့်တာပဲ ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: