Tuesday, October 15, 2013

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုပွဲ ပြုလုပ်

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ပါတီတစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သည့် (၂၅)နှစ်ပြည့် ငွေရတုပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ အောက်တိုဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ၂၅ နှစ် ပြည့်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၅ နှစ်တာ ကာလအတွင်း အခက်အခဲများ၊ အဟန့်အတားများ၊ ဖိနှိပ်မှုမျိုးစုံ ကျော်ဖြတ်ခဲ့ရကြောင်း၊ ထောင်များထဲတွင် အသက်ပေးသွားသူများလည်း ရှိကြောင်း၊ အဆိုပါ ခရီးကြမ်းကို ဖြတ်သန်းခဲ့စဉ် အတူရင်ဆိုင်ခဲ့သော တိုင်းရင်းသား ညီအစ်ကို ပါတီများနှင့် မိတ်ဆွေပါတီများကို ကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီ တိုက်ပွဲအတွက် တိုက်ပွဲမှာ မပြီးဆုံးသေးကြောင်း၊ အခက်အခဲများကို ကျော်ဖြတ်ရဦးမည်ဖြစ်ကြောင်း စသည်ဖြင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
"ဒီနေ့ကာလမှာ နိုင်ငံရေး ပါတီတွေ အတော်အတန် စည်းရုံးခွင့်၊ ပြောခွင့်ရလာတယ်။ မီဒီယာတွေ အတော်အတန် ရေးသားခွင့်တွေ ရလာတယ်။ ဒါပေမဲ့ တကယ့်တကယ် ကျွန်တော်တို့ မျှော်မှန်းတဲ့ အထူးသဖြင့် အာဏာရှင်စနစ် ဖယ်ရှားဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုတဲ့ ရှစ်လေးလုံး အရေးတော်ပုံက မျှော်မှန်းချက်တွေ၊ တိုင်းရင်းသား မျှော်မှန်းချက်တွေ ပြည့်ဝပြီလားဆိုတော့ မပြည့်ဝသေးဘူး။ ရှေ့ကို ကျွန်တော်တို့ အားတင်းပြီးတော့ ဆက်လက်ပြီးတော့ ချီတက်ရဦးမယ်။ အဲလို ချီတက်တဲ့ အခါမှာလည်း အခက်အခဲတွေ၊ အကျပ်အတည်းတွေ နိုင်ငံရေးအရ တကယ့်ကို အခက်အခဲ၊ အတားအဆီးတွေ ကြုံကောင်းကြုံရဦးမယ်။ ဒီမှာ ရှေ့ဆက်ရမယ့် ခရီးမှာ အဓိက အခက်အခဲ အတားအဆီးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါပဲ" ဟု ၎င်းက ပြောကြားသည်။
အဆိုပါပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ မွန်ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစော၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးတို့လည်း တက်ရောက်ခဲ့ပြီး ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည့် အခြေအနေများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး ဆိုင်ရာများ၊ ဖက်ဒရယ် ဖွဲ့စည်းပုံဆိုင်ရာများ စသည်တို့ကို ဆွေးနွေးခဲ့ပြီး ရခိုင်နှစ်ပါတီ ပူးပေါင်းခြင်းအတွက် ၀မ်းမြောက်ကြောင်းလည်း တက်ရောက်လာသူများက ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: