Thursday, November 21, 2013

အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများ၏ အဂတိတရား မေးခွန်းထုတ်စရာ ရှိချိန်တွင် နှစ်ပေါင်း ၅၀-၁၀၀ နေထိုင်သူများအား အဓမ္မ နှင်ထုတ်မှုမှာ တရားမျှတခြင်း မရှိ

Q-17-11
နိုဝင်ဘာ ၁၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ သုံးဧကကျယ် မြေကွက်ပေါ်တွင် နှစ်ပေါင်း ၆၀ နေထိုင်သူများကို တရားရုံးက ဖယ်ရှားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားစဉ်
မြေယာအိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများ၏ အဂတိတရား မေးခွန်းထုတ်စရာ ရှိချိန်တွင် နှစ်ပေါင်း ၅၀-၁၀၀ နေထိုင်သူများအား အဓမ္မ နှင်ထုတ်မှုမှာ တရားမျှတခြင်း မရှိကြောင်း ဥပဒေ ပညာရှင်များ၊ နစ်နာသူများက ပြောကြားခဲ့သည်။
မြေယာ အိမ်ခြံမြေ ဈေးနှုန်းများ သိန်းပေါင်းသောင်းနှင့်ချီ ရှိနေချိန်တွင် မြေယာအိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများက အဆုံးအဖြတ် ပေးရာ၌ လာဘ်ပေးလာဘ်ယူ သိန်းရာထောင်ချီ ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူများ မနစ်နာစေရန် လွှတ်တော်မှ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီနှင့် အထူးစုံစမ်း စစ်ဆေးရေး ဌာနတို့မှ တာဝန်ရှိသူများက မြေယာအိမ်ခြံမြေ ပြဿနာများတွင် အမှန်တရားကို ဖော်ထုတ်ကာ နောက်ကွယ်တွင် ရှိနိုင်သည့် လာဘ်ပေးလာဘ်ယူ မှုများကို အရေးယူသင့်ကြောင်း မြေယာကိစ္စများနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူ ဥပဒေ ပညာရှင် တစ်ဦးက ဆိုသည်။
"ဂရန်လက်ဝယ် ရှိသူသာလျှင် ပိုင်ရှင်ဖြစ်တယ်လို့ ဥပဒေမှာ ဆိုထားပါတယ်။ မြို့ပြဆိုင်ရာ မြေယာကိစ္စတွေကို ပစ္စည်းလွှဲပြောင်းခွင့်ဆိုင်ရာ ဥပဒေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အက်ဥပဒေ၊ အောက်မြန်မာပြည် မြေခွန်တော် ဥပဒေ၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း ဥပဒေတို့နဲ့အညီ စီမံခန့်ခွဲ ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေကတော့ သေချာစုံစမ်း စစ်ဆေးသင့်ပါတယ်" ဟု Purple Equality Law Firm မှ အထက်တန်း ရှေ့နေနှင့် ဥပဒေ အတိုင်ပင်ခံ ကိုဖိုးဖြူက ဆိုပါသည်။
လက်ရှိ သင်္ဃန်းကျွန်းမြို့နယ် စ/သုမင်္ဂလာရပ်ကွက် လေးထောင့်ကန်လမ်းနှင့် ဒေါ်နီလမ်းထောင့်ရှိ သုံးဧက ကျယ်ဝန်းသည့် မြေကွက်အမှတ် ၆၆ တွင် နှစ်ပေါင်း ၆၀ ကျော် နေထိုင်သူများကို မြို့နယ်တရားရုံးက နိုဝင်ဘာ ၁၅ ရက်တွင် လာရောက်ဖယ်ရှားရာမှ နေထိုင်သူများနှင့် တရားရုံး ဘီလစ်တို့အကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မြေကွက်မှာ ပိုင်ရှင်ဖြစ်သူ ဒေါ်နီ၏မြေး၊ မိသားစုများနှင့် ဒေါ်နီ၏ နောက်အိမ်ထောင်ဖက်မှ တူဖြစ်သူတို့အပြိုင် တရားရင်ဆိုင်နေသော မြေကွက်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး တရားရင်ဆိုင်လာသည်မှာ နှစ် ၂၀ ကျော် ကြာမြင့်ပြီဖြစ်ပြီး မြို့နယ်တရားရုံး အမိန့်ချမှတ်ခဲ့သည်ကို ၎င်းတို့အနေဖြင့် မသိရှိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ ပြောင်းရွှေ့ခံထားရသည့် ဒေါ်နီ၏မြေး၊ မိသားစုများက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ တင်ထားကြောင်းနှင့် ဖယ်ရှားစဉ် မြို့နယ်တရားရုံးသို့ အယူခံစာများ လျှောက်ထားခြင်းတို့ကြောင့် တရားရုံးမှ လာရောက်ခြံခတ်မှုများကို ခေတ္တဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
"နှစ်ပေါင်းများစွာ နေထိုင်လာပြီး နေရာဖယ်ခိုင်းတဲ့ ကိစ္စတွေမှာ ကျွန်တော်ကြားသိ ရသလောက်တော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ ဒဏ်ငွေလောက်ပဲ ချတာများပါတယ်။ အခြား ကိစ္စတွေမှာတော့ တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာ အပြင်ဘက်ကနေ ဖြေရှင်းတာတွေ ရှိပါတယ်။ ဥပမာ ထွန်တုံးတိုက်ပွဲတို့၊ မိကျောင်းကန် ကိစ္စတွေမှာလိုပေါ့။ မြို့ပြမြေ ပိုင်ဆိုင်ခွင့် ကိစ္စတွေကို ပုဂ္ဂလိက အချင်းချင်း ဖြစ်တာတွေ ရှိတယ်။ ဖယ်ခိုင်းတာတွေတော့ ရှိတာပေါ့။ ဥပမာ အမွေကိစ္စတွေမျိုးဆိုရင် တရားရုံးက တရားဥပဒေနဲ့အညီ ဆုံးဖြတ်နိုင်တယ်။ လာဘ်ပေးလာဘ်ယူမှုတွေကတော့ နေရာတိုင်းမှာ ရှိနေတော့ ဒီကိစ္စတွေမှာလည်း ရှိနိုင်ပါတယ်" ဟု ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောကြားသည်။
အလားတူ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်မြေ ၁၃ ဧကကျော်ကို ၁၅၅ လမ်းနေ ဦးသန်းမြင့်ဆိုသူက အမွေဆက်ခံခွင့်နှင့် စီမံခန့်ခွဲမှုအရ ရန်ရန်အရှေ့ပိုင်းခရိုင် တရားရုံး ဆုံးဖြတ်သည်ဆို၍ အဆိုပါ ရပ်ကွက်အတွင်းရှိ ကန်ထရိုက်တိုက်များနှင့် နေအိမ်များ ဆောက်လုပ်မှု အချို့ကို စည်ပင်သာယာသို့ တင်ပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ရာ ရပ်ကွက်သူ ရပ်ကွက်သားများ အနေဖြင့် မြို့နယ်ပြည်သူ လွှတ်တော်ကိုယ်စားလှယ်ထံ သွားရောက်တင်ပြ တိုင်ကြားကြပြီး တာမွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက လွှတ်တော်သို့ တင်ပြဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း နိုဝင်ဘာ ၁၆ ရက်ထုတ် မြန်မာသံတော်ဆင့်တွင် ဖော်ပြခဲ့သည်။
ယင်းဖြစ်နှင့် ပတ်သက်၍ တာမွေကြီး (က+ဂ)ရပ်ကွက် ၁၅၅ လမ်းတွင် နေထိုင်သော ဦးသက်ဦးက "ကျွန်တော် ဒီရပ်ကွက်မှာ နေလာတာ ကြာပြီ၊ ဂရန်ရှိတဲ့ အိမ်တွေကတော့ လက်ချိုးရေလို့ ရတယ်။ နေလာတဲ့ သူတွေကလည်း ဘိုးဘွားပိုင်တွေက များတယ်။ တချို့က ဘိုးဘွားပိုင်တွေဆီကနေ တစ်ဆင့်ပြန်ဝယ်ထားတဲ့ သူတွေလည်း ရှိတယ်။ ဦးသန်းမြင့်က အခုမှ အမွေထိန်းတယ် ဆိုပြီးတော့ ကန်ထရိုက် ဆောက်တာတွေ၊ အိမ်ရောင်းဝယ်တာတွေကို သူနဲ့ဆွေးနွေးပြီးမှ လုပ်ငန်းလုပ်ခိုင်းတယ်။ အဲ့လို မလုပ်ရင်တိုင်တယ်။ သူက (က+ဂ) ရပ်ကွက်ထဲမှာရှိတဲ့ မီးသတ်တို့၊ စာသင်ကျောင်းတို့ပါ သူ့အပိုင်မြေဆိုပြီးတော့ ပြောနေတယ်။ အဲ့ဒီမြေတွေက အရင်ကတည်းက ကျောင်းဆရာတစ်ယောက် လှူဒါန်းထားခဲ့တဲ့ မြေဆိုတာ အရင်နေထိုင်ခဲ့တဲ့ သူတွေအကုန်လုံး သိတယ်။ အခုလက်ရှိမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဂရမ်ရှိတဲ့ သူတွေကို ဘာမှ ပြုလုပ်တာ မရှိသေးဘူး။ တကယ်လို့ သူက လာပြောလာခဲ့ရင်လည်း ကိုယ့်မှာရှိတဲ့ အထောက်အထားတွေကို ပြပြီးတော့ တုံ့ပြန်သွားဖို့ ရှိတယ်" ဟု ပြောကြားသည်။
သမ္မတ ဦးသိန်းစိန် ပြောကြားသကဲ့သို့ တရားစီရင်ရေး မဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာ လာစေရန် ယခုမြေယာ အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက်များ မှန်ကန်မှု ရှိ၊ မရှိ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက သေချာပြန်လည် စိစစ်ရန် လိုအပ် . . . . . .
ထို့အတူ ၁၅၅ လမ်းအတွင်း နေထိုင်သော ဦးအောင်ကလည်း "ကျွန်တော်ဒီမှာ နေတာက နှစ်ပေါင်းလေးဆယ်ကျော်လောက် ရှိပြီ၊ ဒီဝင်းကြီးထဲမှာရှိတဲ့ မြေကွက်တော်တော် များများက အရင်တုန်းက မြင်းလောင်းတဲ့သူတွေ၊ မြင်းပွဲကစားတဲ့ သူတွေ နေခဲ့တာ။ အခု ကျွန်တော်နေတဲ့ မြေကိုလည်း ပန်းစိုက်တဲ့ မိသားစုတစ်စုက မြင်းသမားတွေဆီက ပြန်ဝယ်တယ်။ အဲ့ဒီသူတွေကတစ်ဆင့် ကျွန်တော်က ပြန်ဝယ်ထားတယ်။ အမည်ဂရန်ပေါက် မရှိပေမယ့် ဘယ်အချိန်တုန်းက ၀ယ်ခဲ့တယ်။ ဘယ်လောက်နဲ့ ၀ယ်ခဲ့တယ်။ ဘယ်သူ့ဆီက ၀ယ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ပြနိုင်တယ်။ ဒီလို အခြေအနေတွေ ရှိတာတောင် ၂၀၀၈ နာဂစ် မတိုင်မီက ရောက်လာတဲ့သူ ရောက်လာပြီး ခြောက်နှစ်လောက်ပဲ နေရသေးတဲ့သူက ဘိုးဘွားပိုင်မြေတွေကို ထိန်းတဲ့ပုံစံနဲ့ ပြောတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အထောက်အထားတွေကိုလည်း တရားဝင် မဟုတ်ဘူးလို့ ပြောတယ်။ အခု အခြေအနေတွေ ဖြစ်အောင်တော့ သူ့တစ်ယောက်တည်းနဲ့ လုပ်နိုင်မယ်လို့တော့ မထင်ဘူး။ သူ့နောက်ကွယ်မှာ ထောက်ပံ့ပေးနိုင်တဲ့သူ တစ်ယောက်ယောက်တော့ ရှိနေတယ်လို့ ထင်တယ်" ဟု ဆိုသည်။ ၁၅၆ လမ်းတွင် နေထိုင်သော ဦးမျိုးဝင်းကလည်း "အခု ကျွန်တော်တို့ အိမ်ကိုလည်း အခန်းပေး အခန်းယူ လုပ်ပြီးတော့ ကန်ထရိုက် ဆောက်မယ်ဆိုပြီးတော့ လုပ်ထားတာ။ ကန်ထရိုက်ယူပြီး ဆောက်နေတဲ့ တိုက်သုံးလုံးလောက် ရှိတယ်။ အဲ့ဒီ အဆောက်အဦးတွေ အကုန်လုံးက ဦးသန်းမြင့် ကန့်ကွက်ထားလို့ ဖြေရှင်းနေရတယ်။ တကယ်လို့ ကျွန်တော်သာ ကန်ထရိုက်ယူပြီး ဆောက်ပြီဆိုရင် လက်ရှိအိမ်ကို ဖျက်ပြီးမှ ဆောက်ရမှာ ဖြစ်တဲ့အတွက် အိမ်ငှားနေရမှာ အဲ့လိုအချိန်မှာ သူ့ဘက်က ကန့်ကွက်တာတွေ ဖြစ်လာခဲ့ရင် ကိုယ်ပဲနစ်နာတယ်" ဟု ဆိုသည်။
ယင်းသို့ မြေယာနှင့် ဆက်စပ်ဖြစ်ပွားနေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနအနေဖြင့် မည်သို့ဖြေရှင်း ပေးမည်ကို မေးမြန်းကြည့်ရာတွင် "သင်္ဃန်းကျွန်း ဒေါ်နီလမ်း မြေကွက်ကိစ္စကလည်း သူတို့အချင်းချင်း အမွေဆိုင် ကိစ္စတွေ ဖြစ်တာပါ။ ဌာနနဲ့ မဆိုင်ပါဘူး။ သူတို့က တရားရုံးက အနိုင်ဆိုတော့ တရားရုံးက အနိုင်ရတဲ့သူကို အပ်ဝရမ်းနဲ့ ဘီလစ်ကနေပြီးတော့ အပ်ရတယ်။ လုပ်ထုံးလုပ်နည်းအရ လုံခြုံရေးအတွက် ရဲတွေဘာတွေ ယူပြီးတော့ ဘီလစ်ကနေ တရားနိုင်တဲ့သူကို လက်ရောက်အပ်ရတယ်။ သိရသလောက်တော့ အဲဒီအချိန်မှာ အမွေဆိုင်တွေကလည်း ခြံထဲမှာ နေထိုင်တော့ ၀ိုင်းဝန်းကန့်ကွက်တာပါ။ ဦးတို့ ဌာနနဲ့လည်း မဆိုင်ပါဘူး။ ဂရန်ထုတ်ပေးတဲ့ အဖွဲ့လည်း မဆိုင်ပါဘူး။ သူတို့က ဘိုးဘွားပိုင်မြေပါ။ ဂရန်မြေ မဟုတ်ပါဘူး။ ဂရန်ထုတ်ပေးထားတာ မရှိပါဘူး။ သူတို့အချင်းချင်း အမွေဆိုင်တွေ ဖြစ်တာပါ။ တရားရုံးက အမှုနိုင်တဲ့သူကို လက်ရောက်အပ်ရမှာပါ" ဟူ၍ တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
မြေယာပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက် မည်မျှမှန်ကန်မှု ရှိနိုင်သည်မှာ များစွာအရေးပါနေပြီး တရားရုံးများ၏ ဆုံးဖြတ်ချက်တိုင်းသည် မမှန်ကန်နိုင်ကြောင်း အမှုဖြစ်စဉ်များတွင် မြို့နယ်၊ ခရိုင်တရားရုံးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၏ ဆုံးဖြတ်ချက်များသည် မကြာခဏ ဆိုသလို ကွဲလွဲမှုများ ရှိနေသည်က တရားရုံးများ၏ ဆုံးဖြတ်ချက်တိုင်း မမှန်ကန်နိုင်ကြောင်းကို သက်သေပြနေကြောင်း၊ အချို့အမှုများသည် မြို့နယ်ခရိုင် အဆင့်များတွင် အမှုရှုံးသော်လည်း တိုင်းဒေသကြီး တရားလွှတ်တော်အဆင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆင့်များတွင် အနိုင်ရရှိခဲ့သည့် အမှုများလည်း ရှိနေကြောင်း၊ ထို့ကြောင့် မြေယာဖြစ်စဉ် အမှုများတွင် တရားရုံး ဆုံးဖြတ်ချက်တိုင်း မမှန်နိုင်ကြောင်း အချို့သော အမှုများတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေနိုင်သဖြင့် သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်နိုင်မှသာ ပြည်သူများ မနစ်နာမည်ဖြစ်ကြောင်း အထက်တန်းရှေ့နေ တစ်ဦးက သုံးသပ်ခဲ့သည်။
ရှေ့နေ ဦးကျော်ဟိုးက "မြေနေရာ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ရှိရင် တရားရုံးက အမိန့်ချမှတ်မှုတွေမှာ အသေးစိတ် တိကျမှုတွေ ရှိရမယ်။ သူ့ဘာသာ နှစ်ဘယ်လောက်ပဲ နေနေ။ ပိုင်ဆိုင်မှုဆိုတဲ့ အထောက်အထားတွေကို တရားခွင်တွေမှာက အဓိကကျတယ်။ ပြီးတော့ ဘိုးဘွားမြေတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရပိုင်းက စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး" ဟု ပြောကြားသည်။
ရှေ့နေ ဦးကိုနီကလည်း "ဒီမြေယာ ပိုင်ဆိုင်မှုတွေ ဆိုတာတာ သဘောထား မတူညီရင် တရားရုံးမှာ ဖြေရှင်းပေါ့။ နောက်ပြီး တရားရုံးက တရားမ ကျင့်ထုံးမှာ ပါတဲ့အတိုင်း စီစဉ်မယ်။ တရားစွဲတဲ့သူ နိုင်၊ မနိုင်ကိုပေါ့။ တရားစွဲဆိုတဲ့သူက ပိုင်ဆိုင်မှုဆိုတဲ့ အချက်အလက်တွေကို ပြနိုင်ဖို့ လိုတယ်ပေါ့ဗျာ။ ကျူးကျော်တို့ မေတ္တာနဲ့ အခမဲ့ နေခိုင်းတာတို့ အမှုတွေမှာလည်း ဖယ်ရှားခိုင်တဲ့သူက အဓိက သက်သေထူဖို့ လိုတယ်။ အဲဒါကတော့ သက်သေပါပဲ" ဟု ဆိုသည်။
သမ္မတက ခန့်ထားပေးသူ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးအား "လာဘ်ငွေယူကာ၊ အာဏာ အလွဲသုံးစား လုပ်မှု" ဖြင့် လွှတ်တော်၏ စွပ်စွဲမှုကို ရင်ဆိုင်ခဲ့ရသည်။ စွပ်စွဲခံရသူ ပြည်နယ်တရားသူကြီး ဒေါ်စီစီမှာ ၂၀၁၁ ခုနှစ်၊ မတ်လတွင် နိုင်ငံတော် သမ္မတ၏ အမိန့်အရ ခန့်အပ်တာဝန်ပေးထားသူ တစ်ဦးဖြစ်ပြီး သြဂုတ် ၂၆ ရက်ကပင် ကျင်းပလျက်ရှိသည့် ရခိုင်ပြည်နယ် လွှတ်တော်ပထမအကြိမ်၊ သတ္တမပုံမှန် အစည်းအဝေး၌ ကိုယ်စားလှယ် ၁၄ ဦးတို့က ဒေါ်စီစီအား ဆန်စပါး အရောင်းအ၀ယ် ကိစ္စဖြင့် ငွေလိမ်သူ တစ်ဦးအပေါ် လာဘ်ငွေယူ၍ အကာအကွယ် ပေးသည်ဟု စွပ်စွဲပြစ်တင် ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး အခြားအရေးယူမှုများ မရှိခဲ့သည်ကို တွေ့ရသည်။
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အောက်တိုဘာ ၂၆ ရက်နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားသူကြီးများနှင့် တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာများကို မှာကြားရာတွင် "တရားဥပဒေ စိုးမိုးရေးကို အထောက်အကူဖြစ်သော တရားစီရင်ရေးစနစ် ဖြစ်ထွန်းအောင်မြင် စေရေးအတွက် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တရားစီရင်ကြရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၇-၈-၂၀၁၃ ရက်က ပြဋ္ဌာန်းခဲ့ပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေရာ လာဘ်ပေးလာဘ်ယူမှုများကို လုံးဝရှောင်ကြည် ကြရန်နှင့် တရားဥပဒေ စိုးမိုးရေး တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး ပြည်သူများ ယုံကြည်ကိုးစားသော တရားစီရင်ရေးစနစ် ဖြစ်ထွန်းအောင်မြင်စေရေးတို့အတွက် နိုင်ငံတော်က ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်" မှာကြားခဲ့သည်။
တရားဥပဒေ စိုးမိုးရေးမှာ အရေးကြီးဆုံးဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လစဉ်ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန် ပြောကြားသကဲ့သို့ တရားစီရင်ရေး မဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာ လာစေရန် ယခုမြေယာ အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက်များ မှန်ကန်မှု ရှိ၊ မရှိ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက သေချာပြန်လည် စိစစ်ရန် လိုအပ်ကြောင်း ဥပဒေ ပညာရှင် အချို့က သုံးသပ်ခဲ့သည်။
ပြည်သူ့လွှတ်တော်၌လည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၇ ရက်မှ စတင်ကာ အသစ်ဖွဲ့စည်းခဲ့ပြီး တစ်ပတ်အတွင်း ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေများ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၌လည်း တိုင်ကြားစာ ၁၆၀၀ ခန့် ရောက်ရှိခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: