Thursday, November 21, 2013

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့၏ ပူးတွဲကြေညာချက် တစ်ရပ်ကို နိုဝင်ဘာ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အချက် (၁၁) ချက် ပါဝင်ပြီး အစိုးရ၏ ဖိတ်ကြားချက်အရ OIC အတွင်းရေးမှူးချုပ်နှင့် တူရကီနိုင်ငံခြားရေး ၀န်ကြီးများ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဆော်ဒီအာရေဘီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနများမှ အဆင့်မြင့် ကိုယ်စားလှယ်များအဖွဲ့ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ လာရောက်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းကြေညာချက်တွင် လူ့အသိုင်းအ၀ိုင်းများအကြား ပြန်လည်သင့်မြတ်ရေး၊ နားလည်သည်းခံရေးနှင့် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ ဖြစ်ထွန်းလာစေရန် စသည့်အစိုးရ၏ ဆောင်ရွက်ချက်များကို ဘာသာများ အကြားနှင့် လူ့အသိုက်အ၀ိုင်းများအကြား တွေ့ဆုံဆွေးနွေးမှုနှင့် နားလည်မှုကို အားပေးခြင်း၊ လူ့အသိုင်းအ၀ိုင်း ခေါင်းဆောင်များအား ထောက်ခံအားပေးခြင်း စသည့်နည်းလမ်းများဖြင့် အားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
ထို့ပြင် အရပ်ဘက် အဖွဲ့အစည်းများအ ပါအ၀င် OIC အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများက အစိုးရနှင့် အပြည့်အ၀ ပေါင်းစပ်ညှိနှိုင်း၍ လူသားချင်း စာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လက်ရှိအထောက်အပံ့များ ပေးအပ်နေမှုများကို OIC အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်း၊ OIC အဖွဲ့နှင့် ၎င်း၏အဖွဲ့ဝင် နိုင်ငံများသည် လူမျိုး၊ တိုင်းရင်းသား မျိုးနွယ်နှင့် ဘာသာရေးတို့အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုသည့် အခြေခံမူအပေါ် ရပ်တည်ချက်ကို OIC ကိုယ်စားလှယ် အဖွဲ့က အာမခံကြောင်း မြန်မာအစိုးရကို ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ဤအခြေခံမူအပေါ် ရပ်တည်ချက်အရ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှတစ်ဆင့် ခွဲခြားမှု မရှိဘဲ ပေးအပ်ရေးကို သေချာစွာ ဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီကြကြောင်း ဖော်ပြပါရှိပါသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: