Thursday, November 21, 2013

ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား ပြည်နယ်အစိုးရအနေဖြင့် လက်ခံခြင်းမပြုရန် ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း

ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား လက်မခံသည့် အနေဖြင့် ပြည်သူများက တစ်ခဲနက် ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများကို နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ ရက်တို့တွင် ရခိုင်ပြည်နယ် နေရာအနှံ့အပြား၌ ကျင်းပပြုလုပ်ခဲ့သဖြင့် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်မှ ပြည်နယ်လွှတ်တော်သို့ ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား လက်ခံခြင်းမပြုရန် အဆိုကို တင်သွင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ တင်သွင်းရာတွင် ရခိုင်ပြည်နယ်အတွင်း ပြည်သူတစ်ရပ်လုံး ကန့်ကွက်နေသည့် အစိုးရမဟုတ်သော OIC INGO အဖွဲ့အစည်းသည် ရခိုင်ပြည်နယ်တွင် အခြေစိုက်ပြီး ဆက်ဆံရေး ရုံးဖွင့်လှစ်ရန် တောင်းဆိုမှုများ ပြုလုပ်နေခြင်းအပေါ် ပြည်နယ်အစိုးရ အနေဖြင့် လုံးဝလက်ခံခြင်း မပြုရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုအား နည်းဥပဒေ ပုဒ်မ ၁၂၂ အရ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကြီးထံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က"နိုင်ငံတစ်ဝန်းလုံးမှာ အိုအိုင်စီကို မလိုလားကြဘူး။ အဲဒါကြောင့် ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ကြတယ်။ ပြည်သူတွေက မလိုလားတာကို ကျွန်တော်တို့က အတည်ပြုဖို့ ကြိုးစားရမယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရယူလိုတာကြောင့် အခုလို တင်သွင်းတာပါ။ အရေးကြီး အဆိုဆိုရင် လွှတ်တော်ဥက္ကဋ္ဌက တစ်ဆင့် လွှတ်တော်ထဲ သွားရတာဖြစ်တယ်။ ဒါကြောင့် လွှတ်တော်ကို တင်တာဖြစ်ပါတယ်။လွတ်တော်မှာ အတည်ပြုချက် ရယူပြီး ဆုံးဖြတ်ချက်ကို ချကြမယ်ဆိုရင် ပိုခိုင်မာသွားမယ်"ဟု ပြောကြားခဲ့ပါသည်။
ယင်းသို့ ရခိုင်ပြည်နယ်အနှံ့တွင် ဆန္ဒပြ ကန့်ကွက်မှုများနှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးတချို့တွင်လည်း ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများကို ပြုလုပ်လာခဲ့ရာ စစ်တွေမြို့နယ်အတွင်းရှိ နိုင်ငံခြား မဟုတ်သော အဖွဲ့အစည်းတချို့၏ ရုံးခန်းများနှင့် တည်းခိုနေထိုင်သော နေရာများတွင် ယခင်တပ်ဆင်ထားသော ဆိုင်းဘုတ်များကိုလည်း ဖြုတ်ချထားရှိမှုများ ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် အိုအိုင်စီအဖွဲ့ ရုံးစိုက်ရန် ကြိုးပမ်းမှုအား ရခိုင်ပြည်သူတစ်ရပ်လုံးအပြင် မြန်မာနိုင်ငံသူနိုင်ငံသားများကလည်း လုံးဝလက်မခံသဖြင့် ပြည်သူတို့၏ဆန္ဒသည် သဘောထားတူညီမှုများ ရှိနေကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: