Thursday, November 21, 2013

တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ရန် ပြည်ထောင်စုအဆင့် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဋ္ဌာနကို ဖွဲ့စည်းရမည်ဟု တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းတွင် ဖော်ပြထား

လွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအရ လက်ရှိပြည်ထောင်စု ၀န်ကြီးဌာနများ အပြင် ပြည်ထောင်စုအဆင့် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနသစ်အား ထပ်မံဖွဲ့စည်းရန်ရှိကြောင်း သိရသည်။
တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ၎င်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် နိုင်ငံတော် သမ္မတမှ ရွေးချယ်၍ ယင်းအမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ အတည်ပြုချက် ရယူမည်ဟု သိရသည်။
ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မှာ ဥပဒေ၏ ရည်ရွယ်ချက်ပါ ကိစ္စရပ်များကို အကောင်အထည် ဖော်ရန်နှင့် တိုင်းရင်းသား လူမျိုးတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ဖွဲ့စည်းရန် အချက်များ ပါဝင်သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ နိုဝင်ဘာ ၁၁ ရက်တွင် တင်သွင်းခဲ့ပြီး ၎င်းဥပဒေအား လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
ကွတ်ခိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က "တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း" ကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်မှ ဖိတ်ခေါ်ခဲ့သည်။
အဆိုပါ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအား တင်သွင်းရခြင်း ရည်ရွယ်ချက်မှာ တိုင်းရင်သား လူမျိုးများ အားလုံးသည် တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေရန်နှင့် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ အတူတကွ လက်တွဲနေထိုင် သွားနိုင်ရန် ဖြစ်ကြောင်း၊ ထို့ပြင် တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးနေသည့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု ၀န်ကြီးများအား လိုအပ်သလို ပေါင်းစပ်ချိတ်ဆက်ပေးရန် အဓိက တာဝန်ယူ ဆောင်ရွက်ပေးရန် အဓိက တာဝန်ယူ ဆောင်ရွက်ပေးမည့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတစ်ခု မလွှဲမသွေ ဖွဲ့စည်းရန် လိုအပ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဤဥပဒေကြမ်းအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနှင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းများနှင့် လည်းကောင်း၊ ညီညွတ်မှု ရရှိစေရန် ရေးဆွဲရခြင်းဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။
တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းတွင် တိုင်းရင်းသား လူမျိုးအားလုံး တန်းတူညီမျှ အခွင့်အရေးများ ရရှိစေရန် ရည်ရွယ်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင် ရပိုင်ခွင့်နှင့် စီးပွားရေး လုပ်ငန်းများတွင် တန်းတူညီမျှ အခွင့်အရေးများ ရှိရမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသော လူဦးရေ ရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေ ပြုရေးတွင် မိမိတို့ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ဆောင်ရွက်ခွင့်ရှိကြောင်း ပါရှိသည်။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ပြီး ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရာတွင် ၀န်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဟု ပါရှိကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က "ကုလသမဂ္ဂမှာ တိုင်းရင်းသားများ အခွင့်အရေး ကြေညာစာတမ်းဆိုတာ ရှိတယ်။ အဲဒီမှာ အချက် ၆၀ ကျော် ရှိတယ်။ အဲဒီအထဲက အချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ တိုင်းရင်းသားနဲ့ ပတ်သက်ပြီး ပေးထားတဲ့ အခွင့်အရေးတွေ၊ power sharing မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတွေမှာ တိုင်းရင်းသားတွေ ပါဝင်ခွင့် ပေးရမယ်။ resource sharing တိတိကျကျကို ဒီဥပဒေမှာ ပါသင့်တယ်။ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ဖွဲ့စည်းပြီး တိုင်းပြည်ပိုက်ဆံစားပြီး ဒီအချက်တွေ မလုပ်ပေးနိုင်ရင် အလကားပဲ" ဟု သုံးသပ်ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: