Tuesday, November 26, 2013

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုနှင့် နိုင်ငံရေး ပါတီများ၏ ချင်းမိုင်တွေ့ဆုံပွဲ၌ ပြည်ထောင်စု တပ်မတော် အရေးကိစ္စ အကျေအလည် ဆွေးနွေးနိုင်ခဲ့

8.1.1
UNFC နှင့်နိုင်ငံရေး ပါတီများ၏ ချင်းမိုင်တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်
တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်ပြည်တွင်း နိုင်ငံရေး ပါတီများ၏ နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်သော ထိုင်းနိုင်ငံ ချင်းမိုင်တွေ့ဆုံပွဲ၌ ပြည်ထောင်စု တပ်မတော် အရေးကိစ္စကို အကျေအလည် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
''ပထမပိုင်းမှာတော့ ကျွန်တော်တို့ မိတ်ဆက်ကြတယ်။ နောက် UNFC က သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်မှုတွေကို ပြောတယ်။ ပြီးတော့ အပြန်အလှန် ဆွေးနွေးကြတယ်။ ကျွန်တော်က လိုင်ဇာဘုံသဘောထား ရပ်တည်ချက် အခြေခံမူ ၁-၄ မှာပါတဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းကို ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်း သိရဖို့မေးတယ်။ အဲဒါကို ဗိုလ်ချုပ်ဂွမ်မော် ပြန်ဖြေခဲ့တာ သိပ်ကောင်းတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က The Daily Eleven သို့ ပြောကြားသည်။
ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော ဖြေရှင်းချက်ကို ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်း ကိုယ်စားပြု အနေဖြင့် မဟုတ်ဘဲ တစ်သီးပုဂ္ဂလ သဘောထား အနေဖြင့် ဖြေကြားခဲ့ခြင်းဖြစ်ပြီး ယင်းဖြေကြားချက်ကို အများစုက သဘောကျခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြေကြားရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဘုံသဘောထား ရပ်တည်ချက်တွင် ပါဝင်သည့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းကိစ္စသည် တပ်မတော်ကို အသစ်ပြန်လည် ဖွဲ့စည်းရန်အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စုနှင့် ကိုက်ညီသော ဖက်ဒရယ် တပ်မတော်၌ တိုင်းရင်းသား လူမျိုးများ ပိုမိုပါဝင် လာစေရေးနှင့် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကိုလည်း တိုင်းရင်းသား လူမျိုးအလိုက် အလှည့်ကျ တာဝန်ထမ်းဆောင် စေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။
''ဒီကိုလာတုန်းကတော့ ကြားခဲ့တာတွေ ရှိတာပေါ့။ တပ်မတော်ပိုင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီးမရှင်းမလင်း ရှိတာတွေ၊ ဗိုလ်ချုပ်ဂွမ်မော် ဒီနေ့ရှင်းပြတော့ ဒါတွေက ဘာမှကြောက်စရာ စိုးရိမ်စရာ မရှိတဲ့ ကိစ္စတွေပါ။ အခုလို သိသွားတော့ နောက်ဆို ဒါကြီးကို သံသယ ဖြစ်နေစရာ မလိုတော့ဘူး။ ဒီနေ့ ဒီပြည်ထောင်စု တပ်မတော်ဆိုတဲ့ ကိစ္စလေး ပြေလည်သွားတာ အင်မတန်မှ ကောင်းပါတယ်။ သူတို့တွေက တိုင်းပြည်အတွက် အများကြီး ကြိုးစားခဲ့ကြတယ်။ ကျွန်မတို့ကလည်း သူတို့အပေါ် လေးစားမှုရှိတယ်။ သူတို့ကလည်း ကျွန်မတို့ကို လေးစားမှုရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အသွားအပြန်၊ အပြန်အလှန် လေးစားမှုက အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေထဲမှာ နောက်ထပ်ခြေလှမ်းတွေ အများကြီး ရှိလာမှာပါ။ အကျိုးရလဒ်က အများကြီး ဖြစ်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်နန်းခင်ထွေးမြင့်က သတင်းထောက်များကို ဆိုသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသား အရေးကို စိတ်မ၀င်စားခြင်း မဟုတ်ဘဲ အမြဲစောင့်ကြည့် ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''ဒီနေ့ကတော့ အမြင်ချင်း ဖလှယ်ကြတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီတွေများတယ်။ ကျွန်တော်တို့ဆီက ဒုတိယ ဥက္ကဋ္ဌ(၁)က ကြိုဆိုတယ်။ နောက်ပြီး အတွင်းရေးမှူးက တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်တယ် ဆိုတာကို ရှင်းပြတယ်။ ခံစားချက်တွေပေါ့။ ဟိုဘက်ကလာတဲ့ တိုင်းရင်းသား တွေကလည်း သူတို့အထဲမှာနေတဲ့ လူတွေကလည်း ခံစားချက်တွေ ရှိပါတယ်ဆိုပြီး အပြိုင်အဆိုင် ပြောကြတာပေါ့။ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးတယ်။ နောက် ဘယ်လိုတွေ့မယ်။ ဘယ်လိုပူးပေါင်းမယ် အဲဒါတွေ ဆွေးနွေးဖြစ်ပါတယ်'' ဟု UNFC တွဲဖက် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းမှ နိုင်ငံရေး ပါတီများသည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် UNFC နှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တွေ့ဆုံခဲ့ကာ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) နှင့် မြန်မာနိုင်ငံ နယ်စပ်အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (WLB) အဖွဲ့နှင့်လည်း ဆက်လက် တွေ့ဆုံရန်ရှိကာ နိုဝင်ဘာ ၂၃ ရက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် မူလကပြည်တွင်း နိုင်ငံရေးပါတီ ၁၂ ခုကို ဖိတ်ကြားထားသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်ပါနိုင်ခြင်းမရှိဘဲ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီများမှ ကိုယ်စားလှယ်များသာ ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားရောက်နိုင်ခဲ့သည်။
နိုင်ငံရေးပါတီများ၏ ထိုင်းနိုင်ငံခရီးစဉ်သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: