Tuesday, November 26, 2013

စစ်တွေမှ ရခိုင်အမျိုးသားတစ်ဦးကို လှိုင်သာယာ ဖောက်ခွဲရေးပစ္စည်းအမှု နှင့် ဆက်စပ်ဖမ်းဆီးကာ ရန်ကုန်သို့ ခေါ်ဆောင်သွား

စစ်တွေမြို့ လမ်းမတောင်ရပ်ကွက် ခြောက်လမ်းတွင် နေထိုင်သူ ကိုဘိုဘိုထွန်း (၃၀-နှစ်) အား ရန်ကုန်မြို့ လှိုင်သာယာမြို့ တည်းခိုခန်းတစ်ခုတွင် ဖောက်ခွဲရေးပစ္စည်းများဖြင့်ဖမ်းဆီးမိသူများနှင့် ဆက်စပ်ကာ ပြီးခဲ့သော နိုဝင်ဘာလ (၁၆) ရက်နေ့ အာရုဏ်မတက်မီ နံနက် ၁၂-နာရီခွဲက စတင်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်၊ ယနေ့ မွန်းလွဲ တစ်နာရီခွဲတွင် Air Mandalay ဖြင့် ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။

လှိုင်သာယာမြို့နယ် ပဒံကျေးရွာ Sky အအေးခန်းဧည့်ရိပ်သာ အခန်းအမှတ် (၅)တွင် ကိုခိုင်နေမင်း (၃၅-နှစ်) နှင့် ကိုသိန်းညွှန့် (၃၀-နှစ်) တို့ကို နိုဝင်ဘာလ (၁၃) ရက်နေ့က ဖောက်ခွဲရေးပစ္စည်းများနှင့်တကွ ဖမ်းဆီးမိခဲ့သည်။ ထို့နောက် ၄င်းတို့အား သောင်ကြီးနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ မြို့နယ်တရားရုံးမှ ချုပ်ရမန်ယူကာ စစ်ဆေးနေခဲ့ပြီးနောက်၊ နောက်နှစ်ရက်ခန့်အကြာတွင် စစ်တွေမြို့တွင် ရှိနေသူ ကိုဘိုဘိုထွန်းအား အထက်ညွှန်ကြားချက်များအရ စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှ ဒုရဲအုပ်အေးခင်မောင်က ဖမ်းဝရမ်းမပါဘဲ ပစ္စည်းလက်ဝယ်တွေ့ရှိခြင်းမရှိဘဲ ၄င်း၏နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့သည်။

ယမန်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် ချုပ်ရမန်ရယူခဲ့ပြီးနောက် ၄င်း၏အမှုတွဲ ရှိနေရာ သောင်ကြီးနယ်မြေရဲစခန်းသို့ ပို့ဆောင်ရန် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ခေါ်ဆောင်သွားခြင်းဖြစ်သည်။

စစ်တွေတွင် ဖမ်းဆီးခံရသူ ကိုဘိုဘိုထွန်းနှင့်တကွ ရန်ကုန်တွင် ဖမ်းဆီးခံရသူ ကိုခိုင်နေမင်းနှင့် ကိုသိန်းညွန့်တို့အား သောင်ကြီးနယ်မြေရဲစခန်းတွင် (ပ) ၇၀၀/၁၃ ၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ-၅ ဖြင့် အမှုဖွင့်ထားသည်။

(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: