Tuesday, November 26, 2013

လှိုင်သာယာ ဖောက်ခွဲရေးပစ္စည်းများအမှုသည် ရခိုင်နာမည်ဖျက်လိုသူ တစ်ဦးဦး တစ်ဖွဲ့ဖွဲ့၏ ဆင်ကွက် ဖြစ်ဖွယ်ရှိ


လှိုင်သာယာမြို့နယ်တွင် လူနှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းများ နှင့်တကွ ဖမ်းဆီးရရှိမိပြီး၊ ဆက်စပ်သူ နောက်တစ်ဦးအား စစ်တွေမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူများ ၏အမှုတွင် အဖမ်းဆီးခံရသူများမှာ ထောင်ချောက်ဆင် ခံခဲ့ရခြင်း ဖြစ်နိုင်ဖွယ်ရှိသည် ဟု တွက်ဆပြောဆိုမှုများရှိနေသည်။

အဖမ်းဆီးခံရသူ ခိုင်နေမင်း (အမည်ရင်း-ကိုတင်မောင်) က ကနဦးတွင် မိမိမှာ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) မှ တပ်သားတစ်ဦးဖြစ်သည် ဟု ထွက်ဆိုသော်လည်း ALA နှင့် ALP တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

၎င်းမှာ မည်သည့်အပတ်စဉ် က သင်တန်းဆင်းကြောင်း၊ ပါတီဝင်နံပါတ် အစရှိသည့် အချက်အလက်များကိုလည်း ပြောကြားနိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် စစ်ထောက်လှမ်းရေးများက ALP ကို ဆက်လက်စွပ်စွဲနိုင်ခြင်း မရှိဘဲ နောက်ဆုတ်သွားရကြောင်း ALP တာဝန်ရှိသူတစ်ဦးက Coral Arakan News အား ပြောကြားသည်။

စုံစမ်းရရှိသမျှကွင်းဆက်များအရ ပြည်တွင်းတွင် ဘာသာရေးအဆောက်အအုံများကို ဖောက်ခွဲရန် အတွက် ဆိုကာ ၄င်းတို့အား ရန်ကုန်မြို့တွင်းသို့ ပစ္စည်းသယ်ယူသွားရန် နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူများ ကိုယ်တိုင်က ရဲများထံ သတင်းပေးပို့ခဲ့ပြီး ကိုခိုင်နေမင်း နှင့် ကိုသိန်းညွန့် တို့အား အဖမ်းခံရအောင် ဆောင်ရွက်ခဲ့ပုံရသည် ဟု ထိုင်းနယ်စပ် လှုပ်ရှားမှုများနှင့် ဆက်စပ်သူတစ်ဦးက ဆိုသည်။

အဆိုပါနောက်ကွယ်က ကြိုးကိုင်သူများသည် ပစ္စည်းကို နယ်စပ်ကနေ ရန်ကုန်သို့ သယ်သွားပေးမည့်သူများကို ကနဦးတွင် မယ်တော်ဆေးခန်း အသိုင်းအ၀ိုင်းမှ ရှာဖွေခဲ့သော်လည်း မရနိုင်ခဲ့ ဟု ဆိုသည်။ နောက်ဆုံးကျမှ ကိုခိုင်နေမင်း နှင့် ကိုသိန်းညွန့် တို့အား DKBA အဆက်အသွယ်တစ်ခုမှတစ်ဆင့် ဆက်သွယ်မိခဲ့ပြီး ပစ္စည်းပေးကာ စေလွှတ်လိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

ဤအမှုတွင် မြေပေါ်အဖွဲ့အစည်း အချို့ပါဝင် ပတ်သက်မှုများ ရှိနေသည် ဟု အစိုးထုတ် နေ့စဉ် သတင်းစာများတွင် စွပ်စွဲရေးသားထားသည်။

ကိုခိုင်နေမင်း နှင့် ကိုသိန်းညွန့်တို့အား ဖမ်းဆီးပြီး နှစ်ရက်ကြာတွင် စစ်တွေမြို့တွင် ရောက်ရှိနေသူ ကိုဘိုဘိုထွန်းကိုပါ ဖမ်းဆီးပြီး လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့် ထိန်းသိမ်းထားသည်။ 

(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: