Tuesday, November 26, 2013

ပြည်ထဲရေး၊ လ၀ကမှ စိစစ်မှုများ ပြီးသည်နှင့် ရခိုင်အမျိုးသား ပါတီကို တည်ထောင်ခွင့် ချပေးမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ ပူးပေါင်းထားသည့် ရခိုင်အမျိုးသား ပါတီအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတို့မှ စိစစ်မှုများ ပြုလုပ်ပြီးသည်နှင့် တည်ထောင်ခွင့် ချပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိစေရေး နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တက်ရောက်လာသည့် ကိုယ်စားလှယ်တစ်ဦးက ပါတီထောင်ခွင့် အမြန်ဆုံး ချပေးပါရန် ပြောကြားမှုကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ခင်ဗျားတို့ တင်ထားတဲ့ အထဲမှာ ယခင်အဟောင်း မဟုတ်တဲ့သူတွေ ပါတယ်။ လူသစ်တွေပါတဲ့ အခါကျတော့ Backing (နောက်ကြောင်းလိုက်)လုပ်တဲ့ အခါကျတော့ တစ်က ပြည်ထဲရေး ပို့ရတယ်။ နှစ်က လ၀ကကို ပို့ရတယ်။ အဲဒီဟာတွေက ပြန်မလာရင် ကျွန်တော် ခွင့်ပြုလို့ မရသေးဘူး။ အဲဒီက ပြန်လာတာနဲ့ ကျွန်တော်ပေးပါ့မယ်။ အကယ်၍ တင်ထားတာ အကုန်လုံးက လူဟောင်းတွေချည်းပဲ ဆိုရင်တော့ ကျွန်တော်ပေးလိုက်တာ ကြာပြီ။ အဲဒီတော့ ပြည်ထဲရေးနဲ့ လ၀ကကိုလည်း ကျွန်တော်ပြန်ညှိ လိုက်ပါ့မယ်" ဟု ၎င်းက ပြောကြားသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့သည် လက်ရှိအစိုးရ ကာလအတွင်း ပထမဆုံး ပူးပေါင်းသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီနှစ်ပါတီဖြစ်ပြီး ရခိုင်အမျိုးသား ပါတီအဖြစ် တည်ထောင်ခွင့်အတွက် ပါတီတစ်ခုစီမှ ကိုယ်စားလှယ် ၁၅ ဦးစီဖြင့် အောက်တိုဘာ ၁၅ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: