Tuesday, December 3, 2013

သံတွဲပဋိပက္ခကြောင့် တရားစွဲတင်ထားသူ ၉၃ ဦးရှိပြီး ပြစ်မှုကျူးလွန်သူ ၇၁ ဦးအား တရားခံပြေးအဖြစ် စွဲတင်ထားသည်ဟု အစိုးရ ထုတ်ပြန်

စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာ လဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ တရားစွဲတင်ထားသူ ၉၃ ဦးရှိပြီး ပြစ်မှုကျူးလွန်သူ ၇၁ ဦးတို့အား တရားခံပြေးအဖြစ် စွဲတင်ထားရှိကြောင်း နိုဝင်ဘာ ၂၆ ရက်ထုတ် အစိုးရပိုင် သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် သံတွဲမြို့ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် အားပေးအားမြှောက်ပြုသူများ၊ ကိုယ်တိုင် ပြစ်မှုကျူးလွန်သူများ၊ နောက်ကွယ်မှ ပဋိပက္ခများ ဖြစ်ပေါ်စေရန် ကြိုးကိုင်သူများ စသည့်ပြစ်မှု ကျူးလွန်သူများနှင့် ပတ်သက်၍ အထူးအမှုစစ်အဖွဲ့များကို ဖွဲ့စည်း စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် နိုဝင်ဘာ ၂၂ ရက်အထိ ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၉ မှုကို တရားစွဲတင်နိုင်ခဲ့ပြီး သံသယရှိသူ ၁၀၂ ဦးကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးထားသူများထဲမှ ကိုးဦးအား ပြစ်မှုကျူးလွန်မှုရှိကြောင်း ပေါ်လွင်မှု မရှိသဖြင့် ပြန်လည်စေလွှတ်ခဲ့ပြီး အမှုများမှ ပြစ်မှုကျူးလွန်သူ ၉၃ ဦးတို့အား တရားစွဲတင်နိုင်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူ ၇၁ ဦးတို့အား တရားခံပြေးအဖြစ် စွဲတင်ထားရှိပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း စသည်ဖြင့်လည်း ဖော်ပြထားသည်။
အဆိုပါ တရားစွဲဆိုခံထားရသူများတွင် သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးမောင်ပုလည်းပါဝင်ပြီး ၎င်းအတွက် ရှေ့နေလိုက်ပေးနေသူ RNDP ဗဟိုအလုပ်အမှုဆောင် ရှေ့နေဒေါ်အေးနုစိန်က "ဦးမောင်ပုကို တရားစွဲထားက နှစ်မှုလေ။ ပုဒ်မ ၁၈၆၊ ၀တ္တရား နှောင့်ယှက်မှုကတော့ တရားလိုသက်သေတွေ စစ်လို့ပြီးသွားပြီ။ ပုဒ်မ ၅၀၅(ဂ)၊ ဆူပူရန်လှုံ့ဆော်မှုကတော့ တရားလိုသက်သေစစ်နေတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီဇင်ဘာ ၂ ရက်မှာ ရုံးချိန်းထပ်ရှိတယ်"ဟု နိုဝင်ဘာ ၂၆ ရက်က ပြောကြားသည်။
"တကယ်တော့ ဒီအမှုတွေအတွက် သီးခြားအဖွဲ့တွေရှိတယ်။ ကျွန်တော်တို့ သိသလောက် ပြောရမယ်ဆိုရင် အခုတရားစွဲဆိုထားတဲ့ အမှုတွေထဲမှာ လူသတ်မှုတွေပါတယ်။ ကျော်နင်းမှုတွေပါတယ်။ မီးရှို့မှုတွေပါတယ်။ နာကျင်စေမှုတွေ ပါတယ်။ အကျိုးဖျက်ဆီးမှုတွေ ပါတယ်။ အများဆုံးက ဒါတွေဖြစ်တယ်။ အားလုံးကို ခြုံပြီးပြောရရင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်တဲ့ လူတွေကို စွဲဆိုထားတဲ့ အမှုတွေလည်း ပါတယ်။ သူတို့ကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅(ဂ)နဲ့စွဲတယ်။ နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့ လုံခြုံရေးတွေက ပဋိပက္ခမဖြစ်အောင် တာဝန်အရ ညွှန်ကြားတယ်။ စီမံတယ်။ ဒီလိုကိစ္စတွေကို အနှောင့်အယှက်ဖြစ်အောင် လုပ်သူတွေ၊ ညွှန်ကြားချက်တွေကို မလိုက်နာသူတွေကိုလည်း စွဲဆိုထားတဲ့ အမှုတွေလည်း ပါတယ်"ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၏ ဥပဒေအကြံပေး အရာရှိချုပ် ဦးလှသိန်းက ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: