Tuesday, December 3, 2013

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဖွဲ့စည်းပုံနှင့် ၀ှိုက်ကတ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်နေကြောင်း သိရသည်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးလှမြင့်၊ ဦးကျော်ထွန်းအောင်တို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး၊ ၀ှိုက်ကတ်ဆိုသည်မှာ ဥပဒေနှင့်ညီမညီ၊ ရခိုင်နှစ်ပါတီ ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရခိုင်လူမျိုးများနိုင်ငံရေးတွင် ပါဝင်သင့်သည့် အကြောင်းများ စသည်တို့ကို ရခိုင်ပြည်နယ်မြို့နယ် ငါးမြို့နယ်တွင် လိုက်လံဟောပြောနေခြင်း ဖြစ်သည်။
"ကျွန်တော်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး၊ လက်ရှိနိုင်ငံရေး အကျပ်အတည်းဟာ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းကြောင့် ဖြစ်တယ်ဆိုတာတွေ ဟောတယ်။ ဦးကျော်မြင့်ကတော့ ၀ှိုက်ကတ်ဆိုတာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာတွေနဲ့ မညီဘူးဆိုတာကို ရှင်းပြတယ်။ ဦးလှမြင့်ကတော့ ရခိုင်နှစ်ပါတီ ပေါင်းစည်းတုန်းက လုပ်ငန်းစဉ်တွေကို ရှင်းပြတာတွေ လုပ်တယ်။ ကျောက်တော်နဲ့ ရသေ့တောင်မှာတော့ မြို့မိမြို့ဖတွေနဲ့ စိတ်ဝင်စားတဲ့ ပြည်သူတွေ လာတက်တယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့တော့ အသစ်ဆွဲရေးကို ပိုလိုလားကြတယ်။ ဆရာဝန်တစ်ယောက်ကဆိုရင် ဖွဲ့စည်းပုံ စာအုပ်မျက်နှာဖုံးက အစိမ်းရောင်ဖြစ်နေတာကိုတောင် ပြင်သင့်တယ်ဆိုပြီး အကြံပြုတယ်"ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။
အဆိုပါ ဟောပြောမှုများကို နိုဝင်ဘာ ၂၄ ရက်တွင် ကျောက်တော်မြို့မှ စတင်ခဲ့ကာ နိုဝင်ဘာ ၂၅ ရက်တွင် ရသေ့တောင်၊ နိုဝင်ဘာ ၂၆ ရက်တွင် စစ်တွေ စသည့်မြို့နယ်များတွင် ပြုလုပ်ခဲ့ပြီး မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: