Tuesday, December 24, 2013

ရခိုင်ပြည်နယ် သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲ (၈) ရက်တိုင်တိုင် ကျင်းပ

IMG_20131215_064449
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် မြေငူကျွန်းရှိ သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲတော်ကို နတ်တော် လဆန်း (၉) ၇က်မှ နတ်တော်လပြည့်ကျော် (၁) ရက်နေ့ထိ (၈) ရက်တိုင်တိုင် ကျင်းပကြောင်း သိရသည်။
မြေငူကျွန်း ဆံတော်ရှင်ဘုရားပွဲတော်သည် ရခိုင်ပြည်နယ်အတွင်းရှိ သမိုင်းဝင်ဘုရားများထဲမှ ကျော်ကြား စည်ကားသော ဘုရားပွဲတော်များထဲတွင်  တစ်ခုအပါအ၀င်ဖြစ်ပြီး နှစ်စဉ်မပျက် ချမ်းအေးသည့် နတ်တော်လတွင် ကျင်းပကြောင်း သိရသည်။
ယခုနှစ်ဘုရားပွဲတ်ာမှာ ယခင်ကကဲ့သို့ မစည်ကားသော်လည်း ရခိုင်ပြည်နယ်တစ်ဝန်းလုံးမှ ဗုဒ္ဒဘာသာ ဘုရားဖူးခရီးသည် သုံးသောင်းခန့် လာရောက်ခဲ့ကြသည်ဟု ဘုရားဂေါပက အဖွဲ့ဝင် လူကြီး တစ်ဦးက ပြောသည်။
ဘုရားဖူးလာသူ လူငယ် တစ်ဦးမှလည်း လွန်ခဲ့သော တနင်္ဂနွေနေ့က ဆံတော်ရှင်ပွဲတော်မှာ အထူးစည်ကားခဲ့သည်ဟု ပြောသည်။
“ ယခင်နှစ်တွေကဆို ဇာတ်ပွဲတွေလည်းပါတယ်။ တည်ငြိမ် အေးချမ်းမူလည်း ရှိတယ်ဆိုတော့ လူတွေ သိန်းနဲ့ချီပြီး လာကြပါတယ်။ ဒီနှစ်ကျတော့ ဇာတ်ပွဲမပါ။ လုံခြုံရေး အခြေအနေတွေကြောင့် အလာနည်းတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့ကတော့ အထူး စည်ကားခဲ့တယ်လို့ ပြောလို့ရပါတယ်” ဟု သူကဆိုသည်။
ဒီဇင်ဘာ (၁၅) ရက် တနင်္ဂနွေနေ့မှာ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သဖြင့် စစ်တွေမြို့မှ လာရောက်ကြသည့် ဘုရားဖူးများဖြင့် ၎င်းနေ့က အထူးစည်ကားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လယ်သမား အများစု နေထိုင်ကြသော ရခိုင်ကျေးလက်ဒေသများတွင် အလုပ်သမားမရှိ၍ ယခုနှစ် လယ်ယာရိတ်သိမ်းရေး လုပ်ငန်း အခက်အခဲများဖြစ်ပေါ်နေသဖြင့် ဘုရားဖူးလာသူ နည်းပါးခဲ့ခြင်း ဖြစ်သလို တခြားတစ်ဘက်တွင်လည်း လွန်ခဲ့သောနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းကြောင့် လူများ အလာနည်းခြင်း ဖြစ်ကြောင်း သိရသည်။
IMG_20131215_091838ယခုနှစ်တွင် စစ်တွေမြို့မှ ရွှေပြည်တန်၊မလိခ ၊မေခ အမြန်ရေယာဉ်များ အပြင် အောင်ကျော်မိုး သင်္ဘောမှလည်း နေ့ချင်းပြန် ခရီးပြေးဆွဲပေးနေခဲ့ကြောင်း သိရသည်။
တောင်ကျော်လမ်းမှာ ယခင်နှစ်များနှင့် နှိုင်းစာလျှင် အနည်ငယ် သွားလာရခက်ခဲသည်ကို တွေ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့မှ ပွဲတော်အတွင်း လုံခြုံရေးကို  အပြည့်အ၀ တာဝန်ယူ စောင့်ရှောက်ပေးထားကြောင်း သိရသည်။
အာရုဏ်တက်ချိန်တွင် စေတီတော်အား ဆွမ်းပန်း ရေချမ်းကပ် လှူဒါနပြုသူများပြားပြီး နံနက် နေထွက်စ အချိန်များတွင် ခြေတော်ရာ၊သိမ်တော်ရာ ဘုရားများ၌ အထူးစည်ကားနေသည်ကို တွေ့ရကြောင်း စစ်တွေ ဘော်လုံးရပ်ကွက်မှ အမျိုးသမီးငယ် တစ်ဦးက ပြောသည်။
မည်သို့ပင် ဖြစ်စေ ဆံတော်ရှင်ဘုရားကို ဖူးရ၍ ၀မ်းသာ ကြည်နူးမိကြောင့် သူမက ဆိုသည်။
“ ဘုရားဖူးလာရတာ စိတ်ကျေနပ်စရာ ကောင်းပါတယ်။ တနှစ်မှာ တစ်ခါ ဖူးရတာပါ။ ပင်လယ်ပြင်ကိုဖြတ်ပြီးလာရတော့ စိတ်ချမ်းသာစရာကောင်းပါတယ်။ ခြေတော်ရာ အနီးက ပင်လယ်ကမ်းစပ်မှာ လှိုင်းစီးရတာ မမေ့နိုင်စရာပါ”  ဟု သူမက  နိရဉ္စရာသို့ ပြောကြားသွားပါသည်။

No comments: