Friday, December 13, 2013

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ပဇားခရိုင် ခေါင်းတုံးဒေသတွင် နှစ်နိုင်ငံ အလံတင် အခမ်းအနား ပြုလုပ်ကာ အကျဉ်းကျပြီး လွတ်မြောက်လာသူများအား လွှဲပြောင်းလက်ခံ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ပဇားခရိုင် ခေါင်းတုံးဒေသတွင် နှစ်နိုင်ငံ အလံတင် အခမ်းအနား ပြုလုပ်ကာ အကျဉ်းကျပြီး လွတ်မြောက်လာသူများအား လွှဲပြောင်းလက်ခံမှုအား ဒီဇင်ဘာလ ၁၁ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လွှဲပြောင်းမှုတွင် မြန်မာနိုင်ငံ၊ စစ်တွေအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသော မြန်မာနိုင်ငံသား ငါးဦးတို့အား လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အကျဉ်းသားများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားသို့ မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်၊ အမှတ်(၃၇) ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး မိုးညိုအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၁၇)ဘီဂျီဘီ တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီး မိုဟာမတ်ခါလစ်ဟာဆန်၊ အမှတ် (၄၂) ဘီဂျီဘီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှ လွှဲပြောင်းပေးလိုက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကလေးနှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားခရိုင်မှ တစ်ဦးနှင့် တက္ကနက်ဖ်မှ တစ်ဦးဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ငါးဦးမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမှ တစ်ဦး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တစ်ဦး၊ မြောက်ဦးမြို့နယ်မှ နှစ်ဦးနှင့် ကျောက်တော်မြို့နယ်မှ တစ်ဦးဖြစ်ကြောင်း သိရသည်။
"ကျွန်တော်က လွန်ခဲ့တဲ့ ၁၃ နှစ် ကတည်းက ဘင်္ဂလားဒေ့ရှ်မှာ အကျဉ်းကျခံ ခဲ့ရတာပါ။ အခုလို နှစ်နိုင်ငံ တာဝန်ရှိတွေက လွှဲပြောင်းလက်ခံ ပေးတဲ့အတွက် ၀မ်းသာပါတယ်။ မြန်မာနိုင်ငံနဲ့ မိသားစုကို တွေ့ရမှာဖြစ်လို့ ၀မ်းသာပါတယ်။ ဟိုမှာတုန်းကတော့ ဘယ်သူနဲ့မှ အဆက်အသွယ် မရခဲ့ပါဘူး။ အခုလို ဒီကတာဝန်ရှိတွေကလည်း အစစအရာရာ ကူညီလို့ အဆင်ပြေပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၃ နှစ် ကျခံခဲ့ရသူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမှ ဦးတင်အောင်က ပြောကြားသည်။
နှစ်နိုင်ငံ အလံတင် အစည်းအဝေးများကို မကြာခဏ ပြုလုပ်ပြီး ပြစ်ဒဏ်ကျပြီး လွတ်မြောက်လာသူများကို လွှဲပြောင်းပေးအပ်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမိုတိုးတက် စေမည်ဖြစ်ကြောင်းနှင့် နယ်စပ်ချင်း ပူးပေါင်းဆက်ဆံ မှုများကိုလည်း နှစ်နိုင်ငံမှ တာဝန်ရှိသူများ မကြာခဏ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၇) ဘီဂျီဘီ တပ်ရင်းမှုးက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: