Thursday, December 19, 2013

ရခိုင်လူမျိုးများ၏ သဘောထားရယူမည့် ရခိုင်ညီလာခံကို ဧပြီလနောက်ဆုံးပတ်အတွင်း ကျောက်ဖြူမြို့၌ ပြုလုပ်ရန် စီစဉ်

ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒသဘောထားရယူမည့် ရခိုင်ညီလာခံကို ၂၀၁၄ ခုနှစ် ဧပြီလ နောက်ဆုံးပတ်အတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကျင်းပရန် ရည်ရွယ်ထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။
ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အများအပြားရှိခြင်း၊ အထူးစီးပွားရေးဇုန်၊ ရေနံပိုက်လိုင်း၊ ဂတ်စ်ပိုက်လိုင်းများရှိခြင်း၊ တစ်ချိန်တည်းတွင် အဆိုပါတရုတ်နိုင်ငံ၏ ရေနံပိုက်လိုင်း၊ ဂတ်စ် ပိုက်လိုင်းများရှိခြင်းကြောင်း မြန်မာပြည်သူလူထု နစ်နာမှုအများအပြားရှိခြင်းနှင့် တရုတ်ဘက်မှ ကျူးလွန်ဖောက်ဖျက်မှုများ ရှိနေခြင်းများကြောင့် ကျောက်ဖြူမြို့တွင် ပြုလုပ်ရန် သဘောထားရှိကြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ရခိုင်ညီလာခံတွင် ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင်အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရခိုင်ရဟန်းသံဃာများနှင့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများပါဝင်မည်ဖြစ်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမထားသည့် အဖွဲ့များမှာမူ ပါဝင်ရန် မသေချာသေးကြောင်း သိရသည်။
" အဓိက ရည်ရွယ်ချက်အနေနဲ့ကတော့ ရခိုင်တစ်မျိုးသားလုံးနဲ့ ပတ်သက်တဲ့ အနာဂတ်စိန်ခေါ်မှုတွေအတွက် လူထုသဘောထားပေါ့လေ။ တစ်သံတည်းပေါ့။ အယူအဆတစ်ခုတည်းနဲ့ အခိုင်အမာရပ်တည်ချင်တယ်။ ဘာလို့လဲဆိုတော့ ရခိုင်မှာက ကဏ္ဍတွေများတယ်။ သယံဇာတကဏ္ဍတွေရှိတယ်။ ရွေးကောက်ပွဲကဏ္ဍတွေလည်း ရှိတယ်။ အခုပြောနေတဲ့ ဖက်ဒရယ်စနစ်ပေါ့လေ။ အဲဒီမှာ အာဏာခွဲဝေခြင်း၊ သယံဇာတခွဲဝေခြင်း၊ နောက်ရခိုင်မှာရှိတဲ့ တရားမ၀င် ခိုးဝင်လာတဲ့ဘင်္ဂါလီကိစ္စ  ဒါတွေအကုန်လုံးကို တညီတညွတ်တည်း ဖြေရှင်းထားချင်တယ်။ အဲဒီလိုဖြေရှင်းထားမှသာ ၂၀၁၄ မှာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပင်လုံကဲ့သို့သော ညီလာခံတစ်ခုလုပ်ရင် ရခိုင်ရဲ့အသံကို မှန်မှန်ကန်ကန်တင်ပြနိုင်မှာလေ။ အဲဒီအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောပါ " ဟု ဦးဦးလှစောက ပြောကြားသည်။
အဆိုပါ ညီလာခံမှရရှိလာမည့် ရလဒ်များကို ပင်လုံကဲ့သို့သော ညီလာခံ၊ လွှတ်တော်သို့ တင်ပြခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး ဥပဒေဘောင်အတွင်းမှ လူထုအသံအဖြစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်မည်ဟု အစိုးရက ပြောကြားထားသည့် ပင်လုံကဲ့သို့သော ညီလာခံတွင် တင်ပြနိုင်ရန် ညီလာခံများပြုလုပ်ရန် စီစဉ်နေကြခြင်းဖြစ်ပြီး ချင်းအမျိုးသားညီလာခံကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: