ရခိုင်ပြည်တွင် လူမှုရေး အကူအညီများပေးနေသော နိုင်ငံတကာ NGO အဖွဲ့အစည်းများသည် ဘင်္ဂလီများ (မွတ်ဆလင်ဘာသာဝင်များ)ကိုသာ ဦးစားပေး ဘက်လိုက်ပြီး ကူညီနေသောကြောင့် မြောက်ဦးမြို့ရှိ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အဖွဲ့တို့သည် ယခုလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားပေးဖို့ မနေ့ကဆွေးနွေးပွဲတွင် ဒေသခံများက တောင်းဆိုကြသည်။
MSF (Holland) ခေါ် AZG အား အလိုမရှိကြောင်း စစ်တွေ ဒေသခံတစ်စုက ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်တွေ ဆေးရုံကြီး ပြင်ပလူနာဌာနရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ (ဓါတ်ပုံ - ဖေ့စ်ဘုတ်)MSF (Holland) ခေါ် AZG အား အလိုမရှိကြောင်း စစ်တွေ ဒေသခံတစ်စုက ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်တွေ ဆေးရုံကြီး ပြင်ပလူနာဌာနရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ (ဓါတ်ပုံ - ဖေ့စ်ဘုတ်)
ယခုလ ၁၂ ရက်နေ့က နာရေးကူညီမှုဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ဒေသခံများက အဆိုပါ NGO အဖွဲ့အစည်းများ မြောက်ဦးမြို့မှ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားပေးဖို့ တောင်းဆိုခဲ့ကြသော်လည်း မနေ့က ထပ်မံဆွေးနွေးကြပြီး ၂၄ ရက်နေ့ကို သတ်မှတ်ခဲ့ကြကြောင်း မြောက်ဦးလူမှုကွန်ယက် အတွင်းရေးမှူး ကိုထွန်းထွန်းက ပြောသည်။
" ကြေညာချက်မှာတော့ ၂၀ ပေါ့။ ဒါပေမယ့် ကျနော်တို့ ၂၄ ရက်နေ့ကို နောက်ဆုတ်ပေးလိုက်တယ်။ သူတို့ကတော့ ဟိုတယ်တွေမှာ တည်ကြပါတယ်။ မန်နေဂျာတွေကို ပြောလိုက်ပါတယ်။ ခင်ဗျားတို့ ၂၄ ရက်နေ့ကို နောက်ဆုံးထားပေးပါ။ တကယ်လို့ မလိုက်နာဘူးဆိုရင် ကျနော်တို့က ဆန္ဒထုတ်ဖော် သွားမယ်။ ဆန္ဒထုတ်ဖော်လို့ အဆင်မပြေရင် ကျနော်တို့က ဟိုတယ်တွေဟာ ရှေ့ဟောင်းမြေတွေမှာ ဆောက်ထားတဲ့အတွက် ရှေ့ဟောင်းဥပဒေအတိုင်း မြို့ခံလူထုတွေက လက်မှတ်ထိုးပြီးတော့ နေပြည်တော်ကို တင်ပြသွားပါမယ်။ " ဟု သူကဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ICRC နှင့် MSF အဖွဲ့တို့သည် ဒီဇင်ဘာလ ၈ ရက်နေ့က မြောက်ဦးမြို့ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြေလည်မှုမရရှိ ခဲ့သောကြောင့် ဒေသခံများက သဘောထားကြေညာချက် ထုတ်ပြန်ပြီး ထွက်သွားပေးဖို့ တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့က မြို့မိမြို့ဖတစ်ဦးကလည်း ဦးသန်းထွန်းကလည်း နိုင်ငံတကာ လူမှုအဖွဲ့အစည်းများ၏ အကူအညီများမှာ ဘက်လိုက်ပြီး ကူညီပေးရာရောက်ကြောင်း ရခိုင်တိုင်းရင်းသားများဘက်က ရှုမြင်ကြခြင်းကြောင့် ကန့်ကွက်နေကြခြင်းဖြစ်သလို ဒေသခံတို့၏ အမြင်ကို ရှင်းလင်းအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း RFA မေးမြန်းခန်းတစ်ခုတွင် ပြောကြားထားသည်။
(သတင်းအရင်းအမြစ်- Arakan Times)