ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်ရှိ သဘာဝအလျှောက်ရှိနေသည့် စိုင်းဒင်ရေတံခွန်မှ ကျောက်များကို အလွန်အကျွံထုတ်ယူလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီဖြစ်၍ ယခုအခါ သဘာဝကျောက်စဉ် ကျောက်သားကြီးများကို ယခင်ထက် အလွန်အကျွံထုတ်ယူ သုံးစွဲနေကြ သောကြောင့် စိုင်းဒင်ရေတံခွန်၏ သဘာဝအလှတရားများ ပျက်စီးလုနီးပါးဖြစ်နေကြောင်း ဒေသခံများကပြောသည်။
သဗ္ဗာန်လှေဖြင့် ရေတံခွန်ကျောက်ကြောကြီးများမှ ကျောက်ခွဲထုတ်နေပုံ။သဗ္ဗာန်လှေဖြင့် ရေတံခွန်ကျောက်ကြောကြီးများမှ ကျောက်ခွဲထုတ်နေပုံ။
စိုင်းဒင်ရေတံခွန်၏ အလှတရားကိုပေါ်လွန်စေသော သဘာဝအလျှောက်ရှိနေသည့် ကျောက်တုံးများအား ဘူးသီးတောင်မြို့နယ်ရှိ စိမံကိန်းများကို ပြုလုပ်နေသည့် ကုမ္ပဏီအချို့က အသုံးပြုနေပြီး ၄င်းတို့ကို ဒေသအာဏာပိုင်များက ဟန့်တားမှုမရှိဟု ဘူးသီးတောင်မြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက ပြောသည်။
" ကျောက်တွေကို ထုတ်ယူနေတာကတော့ ကုမ္ပဏီအချို့က အဲဒီကျောက်တွေကို သွားဝယ်နေတယ်လို့ ကျနော်တို့ သိရပါတယ်။ ကုမ္ပဏီကလည်း အဲဒီကျောက်တွေကို ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စီမံကိန်းတွေမှာ သုံးမယ်လို့ သိရပါတယ်။ ဒီလိုထုတ်ယူနေတာကို အစိုးရဖက်ကလည်း လစ်လှူရှုထားတာကို ကျနော်တို့ မြင်နေရပါတယ်။ အစိုးရကလည်း ဒီဟာကို ခိုင်ခိုင်မာမာတားဆီးမှု မရှိဘူး။ ဆိုတော့ ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားက စိုင်းဒင်ရေတံခွန် ပျက်စီးသွားခြင်းအားဖြင့် ဒေသခံတွေရဲ့ အကျိုးစီးပွားတွေ ယုတ်လျော့သွားမယ်။ စိုင်းဒင်က ကျောက်ကို ထုတ်ယူခြင်းဟာ အားလုံးသူရဲ့ အကျိုးစီးပွားတွေ ပျက်စီးသွားမယ့် အခြေအနေဖြစ်နေတဲ့အတွက် ကျောက်တွေကို ဆက်လက်ထုတ်ယူမှု မဖြစ်စေဘဲနဲ့ ဒေသခံအာဏာပိုင်တွေက ဟန့်တားပြီးတော့ စိုင်းဒင်အလှကို ပြန်လည်ရပ်တည်ပေးစေချင်တဲ့ ဆန္ဒရှိပါတယ်။ " ဟု ၄င်းကဆိုသည်။
စိုင်းဒင်ရေတံခွန် ရှိခြင်းအားဖြင့် ရေတံခွန်အထက်မှာရှိနေသော ချောင်းမြောင်းများကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသည့် ဘူးသီးတောင် မြို့သူမြို့သားများမှာ ဝါးများကို အလွယ်တကူဖောင်မျောပြီး သယ်ယူနိုင်ကြောင်း သိရသည်။
" တကယ်လို့များ စိုင်းဒင်ရေတံခွန်ဟာ ကျိုးသွားမယ်ဆိုရင် ရေတွေအကုန်လုံး ခန်းခြောက်သွားမဲ့ အခြေအနေရှိနေပါတယ်။ ခန်းခြောက်သွားမယ်ဆိုရင် အထက်မှာရှိနေတဲ့၊ တောင်ကြောတစ်လျှောက်ရှိနေတဲ့ ရေအိုင်တွေ၊ မြောင်းတွေမှာ ရေတွေခန်းခြောက်သွားပြီးတော့ ကျနော်တို့ ဒေခံတို့ရဲ့ သွားရေးလာရေးကအစ လုပ်ကိုင်စားသောက်မှုတွေ အားလုံးပျက်စီးသွားမယ်။ အဲဒီရေအိုင်တွေ၊ မြောင်းတွေမှာ ရှိနေတဲ့ မျိုးရိုးဗီဇတွေ ပျောက်သွားမယ်။ အဲဒါကြောင့် စိုင်းဒင်ရေတံခွန် မကျိုးကျသွားဖို့အတွက် ကျနော်တို့ ထိန်းသိမ်းဖို့ လိုပါတယ်။ " ဟု ဦးထွန်းအောင်သိန်းက ပြောသည်။
ဒေသခံများမှ ဝါးဖောင်များကို ရေစီကြောင်းအတိုင်း မျောသွားနေစဉ်။ ဒေသခံများမှ ဝါးဖောင်များကို ရေစီကြောင်းအတိုင်း မျောသွားနေစဉ်။
စိုင်းဒင်ရေတံခွန်သည် ဘူးသီးတောင်မြို့၏ အလှကို ဖန်တီးပေးသည့်အပြင် ပတ်ဝန်းကျင်၌ရှိသော မောင်တော၊ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း စသည့်မြို့များက ခရီးသည်များလည်း ဇီဝနှင့်ပတ်သက်ပြီး လေ့လာဖို့ အခါခါ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။
စိုင်းဒင်ရေတံခွန်ကို ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ၂၀၁၁ ခုနှစ်က တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် China Datang Overseas Inverstment Co.Ltd ကုမ္ပဏီက လာရောက်လေ့လာကြည့်သည့်အခါမှာ ရေအောက်တွင် ငလျှင်ကြောတစ်ခုကို တွေ့ရှိသောကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ စီမံကိန်းကို ရပ်တန့်ထားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakan Times)