Thursday, January 30, 2014

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နယ်ခြားစောင့်တပ်ထားရန် ကြိုးပမ်းမည် ALD ဆို


ရခိုင်ပြည်နယ်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ဒေသများတွင် ရခိုင်တပ်မတော် (AA) ကို နယ်ခြားစောင့်တပ်အဖြစ် ထားရှိနိုင်ရန် ကြိုးပမ်းသွားမည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် တိုက်ခိုက်ခံရမှုကို နိုင်ငံတကာ သတင်းမီဒီယာ အချို့နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံခြား အဖွဲ့အစည်းများ သတင်းမှား ထုတ်ပြန်သည်ဟု ယူဆ၍ ပြန်လည် ရှင်းလင်းသည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၇ မိုင်ခွဲရှိ Café 47 တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါတပ်များ ဖွဲ့စည်းနိုင်ရန် ALD၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALD) နှင့် ရခိုင်တပ်မတော် (AA) တို့ ယခုလအကုန်တွင် ဆွေးနွေးရန် ရှိပြီး ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကော်မတီထံ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုသည်။

နယ်ခြားစောင့်တပ်များ ထားရှိလိုက်ပါက အစိုးရ အနေဖြင့်လည်း စစ်အင်အားကို တိုးမြှင့်ချထားပေးရန် မလိုအပ်တော့သည့်အပြင် ရခိုင်ပြည်နယ် လုံခြုံရေး ကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
“အခုလို နယ်ခြားစောင့်တပ်တွေ ချထားလိုက်ခြင်း အားဖြင့် ကျေးရွာတွေက ဒီထက်ပိုပြီး စိတ်ဓာတ် လုံခြုံမှုတွေ ရလာလိမ့်မယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ဒေသများတွင် ပြည်သူ့စစ်အဖြစ် သင်တန်းများပေးကာ လက်နက် တပ်ဆင်ရန် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ဘင်္ဂါလီများ ပျောက်ဆုံးနေသည့် ဖြစ်စဉ် ကို နိုင်ငံတကာ သတင်းဌာနများနှင့် သံတမန်များက ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ်ခံရသည်ဟု မှားယွင်းစွာ ထုတ်ပြန်ခဲ့မှုသည် ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ထပ်မံဖြစ်ပွားရန် လောင်စာသဖွယ် ဖြစ်နေသဖြင့် အဆိုပါ ထုတ်ပြန်ချက်များကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုကြောင်း ALD က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးအင်အား လုံလောက်စွာ ချထားပြီး ပြည်ထောင်စု အစိုးရ အစီအစဉ်ဖြင့် လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စု တပ်မတော် တစ်ခုတည်း ရှိရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို တပ်မတော်က ကျေပွန်စွာ ထမ်းဆောင်နေပြီး လက်ရှိ တပ်မတော်တွင်လည်း တိုင်းရင်းသားအားလုံး စုစည်း ပါဝင်သဖြင့် ရခိုင်တပ်မတော် သီးခြားဖွဲ့စည်းရန် မလိုအပ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က ဇူလိုင်လ ၂၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် ပြောဆိုထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: