Thursday, January 30, 2014

ခရီးသွား ဝင်ရောက်မှု မြင့်တက်စေရန် မြောက်ဦးလေယာဉ်ကွင်း အဆင့်မြှင့်မည်

ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ဝင်ရောက်မှု မြင့်တက်စေရန်အတွက် ရခိုင်ပြည်နယ် မြောက်ဦးမြို့ လေယာဉ်ကွင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေက ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်၏ မြောက်ဦးမြို့တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ တိုးတက်စေရန်အတွက် လေယာဉ်ကွင်း တစ်ခု တည်ဆောက်ပေးရန် ရှိ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“လေယာဉ်ပြေးလမ်း ပြုပြင်ဖို့အတွက် မြေမျက်နှာပြင်နဲ့ ပတ်ဝန်းကျင် အနေအထားတွေ နုန်းမြေတိုင်းတာ စစ်ဆေးခြင်း လုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာတင်ရွှေက ဆိုသည်။

မြောက်ဦးမြို့နယ်သည် သမိုင်းဝင် ဘုရားများနှင့် အထင်ကရ နေရာများစွာ ရှိသည့်အတွက် ခရီးသွားများကို ဆွဲဆောင်နိုင်သော်လည်း ရေကြောင်းနှင့် ကုန်းကြောင်းသာ သွားလာ နိုင်သောကြောင့် ခရီးသွား ဝင်ရောက်မှု နည်းပါးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ဆိုသည်။
“ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ကို ဒေသခံတွေအနေနဲ့ အများကြီး မျှော်လင့်နေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြောက်ဦးမြို့ လေယာဉ်ကွင်းမှာ လက်ရှိ အနေအထားတွင် ပြေးလမ်းအလျား ၂၅၀၀ ပေ၊ အကျယ် ၁၀၀ ပေ မြေသားပြေးလမ်းသာ ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု မရှိသည့်အတွက် လေယာဉ် ဆင်းသက်နိုင်မှု အခြေအနေ မရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၂ ခုနှစ်တွင် ၃၃၉ ဦး ရှိသော်လည်း ၂၀၁၃ ခုနှစ်အတွင်း ၆၄၆ ဦးအထိ မြင့်တက် လာသော်လည်း တည်းခိုနေထိုင်ရန် စုစုပေါင်းအခန်း ၁၄၉ ခန်းပါ ဟိုတယ်ခြောက်လုံးသာ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: