Thursday, January 30, 2014

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ လုံခြုံရေး နားလည်မှုစာချွန်လွှာမူကြမ်း အပြီးသတ်

သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအတွက် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံထိပ်တိုက် အဖြေရှာ ဆွေးနွေးရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နားလည်မှု စာချွန်လွှာ (မူကြမ်း) အပြီးသတ် ရေးဆွဲထားပြီး ဖြစ်၍ မြန်မာအစိုးရထံ ပေးပို့တော့မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းဌာနတွင် ဖော်ပြထားသည်။

သဘောတူလက်မှတ် ရေးထိုးမည့် သမားရိုးကျ မဟုတ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တရားမဝင် ရွှေ့ပြောင်းသွားလာ နေသူများ၊ မူးယစ်ဆေးဝါး ကူးသန်းမှုများ၊ ရာသီဥတု အပြောင်းအလဲနှင့် သဘာဝ ဘေးအန္တရာယ်တို့ ပါဝင်ပြီး ယင်းလုံခြုံရေး ပြဿနာများကို ဖြေရှင်းရန် နားလည်မှု စာချွန်လွှာ ရေးဆွဲရခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သံအရာရှိက Dhaka Tribune သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် တရားမဝင် ရွှေ့ပြောင်းသွားလာ နေသူ များကြောင့် နှစ်နိုင်ငံလုံး ရင်ဆိုင်နေရသော ပြဿနာများကို ပူးပေါင်း အဖြေရှာပြီး မူဝါဒများ ချမှတ်ရန် လိုအပ်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည့် တရားမဝင် ရွှေ့ပြောင်း နေထိုင်ကြသော ဘင်္ဂါလီလူမျိုး အရေးကိစ္စများကို ရင်ဆိုင်နေရကြောင်း အဆိုပါ သံအရာရှိက ဖြည့်စွက် ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရက စိုးရိမ်ပူပန်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် နှစ်နိုင်ငံ စီးပွားရေးနှင့် နယ်စပ်ရေးရာ လုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသော သံတမန်များနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် Mr. Anup Kumar Chakma ကပြောကြားသည်။

အဆိုပါ လုံခြုံရေးဆိုင်ရာ မျက်နှာချင်းဆိုင် ဆွေးနွေးရေးအတွက် ၂၀၁၃ ခုနှစ် ဇွန်လက ဆွေးနွေးခဲ့သော နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအရာရှိက ပြောဆိုသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: