Monday, January 13, 2014

ရခိုင်ပြည်နယ်အစိုးရမှ အဆင့်မမှီ ကုမ္ပဏီများကို လမ်းဖေါက်ရန် ကန်ထရိုက်ပေးသည့်အပေါ်ဒေသခံများမကျေနပ်

 ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်အတွင်း ဖေါက်လုပ်နေသော လမ်းတစ်လမ်းကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်အတွင်း ဖေါက်လုပ်နေသော လမ်းတစ်လမ်းကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် လမ်းများဖေါက်လုပ်နေရာ ရခိုင်ပြည်နယ် အစိုးရမှ အဆင့်မမှီ အမည်ခံ ကုမ္ပဏီများကို ၎င်းလမ်းများကို ဖေါက်လုပ်ရန် ကန်ထရိုက်များချပေးနေသဖြင့် ဒေသခံများက မကျေနပ်မူများ ဖြစ်ပေါ်နေကြောင်း လူမူရေးလူပ်ရှားသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
နိရဉ္စရာမှ ၎င်းသတင်းအား လက်ခံရရှိပြီးနောက် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ ဆက်သွယ် မေးမြန်းရာ အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦး ယခုလို ပြောသည်။
“ သူတို့က လမ်းဖေါက်တဲ့ ကုမ္ပဏီလို့သာပြောတယ်။ စက်ကရိယာလည်း မပါဘူး။ ကျွန်တော်တို့ မေးတော့ တခြားကုမ္ပဏီ တစ်ခုက စက်ကရိယာတွေ ဌားရမ်းထားတယ်လို့ ပြောပါတယ်။ ဒီလို ကုမ္ပဏီတွေက ကျနော်တို့ ဒေသမှာ လမ်းလာဖေါက်ရင် ဘယ်လို လုပ်ပြီးး လမ်းတွေ အကောင်း ဖြစ်လာပါမလဲ” ဟုသူက ပြောသည်။
ယခုအခါ ကျောက်ဖြူမြို့နယ်အပါအ၀င် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကားလမ်းများ၊ ရွာချင်းဆက်လမ်းများ ဖေါက်လုပ်နေရာ ကုမ္ပဏီအချို့အား ရခိုင်ပြည်နယ် အစိုးရမှ အပိုင်းလိုက် ကန်ထရိုက်များချပေးနေသည်ဟု ဆိုသည်။ ထိုအထဲတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းမှ ကင်းဆိပ် အကြား တစ်လမ်း၊ ကျောက်ပုလဲမှ လိပ်တင်၊ လိပ်တင်မှ ကွန်ချောင်းသို့ တစ်လမ်း ဖေါက်လုပ်နေသည်ဟု ဆိုသည်။
၎င်းလမ်းများကို တာဝန်ယူု ဖေါက်လုပ်နေသော ကုမ္ပဏီများမှာ သီဟရာဇာစိုးနှင့် ရက္ခသူရ ကုမ္ပဏီများ ဖြစ်ကြသည်ဟု ယင်းကဆိုသည်။
“ သူတို့က လမ်းတွေကို ပြီးစလွယ် ဖေါက်လုပ်နေတဲ့ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကတောင် ဒီလို မလုပ်ကြဖို့ သူဇင်ချောင်းဘက်ကို ရောက်တုန်းက သူတို့ကို သတိပေး ပြောကြားခဲ့ပါတယ်။ အခုလိုသာ ဒီကုမ္ပဏီတွေက အညံ့စား ကျောက်တွေကို ချပြီး စက်ယန္တရားမပါဘဲ လမ်းတွေကို ဖေါက်ရင် လမ်းလည်း ကောင်းလာမှာ မဟုတ်သလို ငွေတွေဘဲ အလဟသ ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သို့အတွက် ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် လမ်းများဖေါက်လုပ်ပြီးစီးမှ လာရောက်ကြည့်ရှု့ စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ လမ်းမပြီးမှီ ဖေါက်လုပ်နေဆဲ အချိန်တွင် လာရောက်ကြည့်ရှု့ စစ်ဆေးသင့်သည်ဟု သူက ဆိုသည်။
နိရဉ္စရာမှ သက်ဆိုင်ရာ ကန်ုထရိုက်ရထားသော ကုမ္ပဏီများသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသဖြင့် ကုမ္ပဏီဘက်မှ  ကျေးရွာသားများစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဟုတ်မဟုတ်ကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။ သို့သော်လည်း ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ယင်းကုမ္ပဏီများအနေဖြင့် ကျောက်ဖြူမြို့ရှိ PSC ကုမ္ပဏီမှ စက်ယန္တရားများကို ဌားရမ်း လုပ်ကိုင်နေကြောင်း ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: