Wednesday, January 8, 2014

ဓါတ်မီးတိုင် စိုက်ထူသော်လည်း မဒေးကျွန်းသားတို့ လျှပ်စစ်မီးမရ

မဒေးကျွန်းသားတို့ ဆန္ဒပြတောင်းဆိုသဖြင့် အာဏာပိုင်များက မဒေးကျွန်းပေါ်ရှိ ကျေးရွာများတွင် လျှပ်စစ်မီးပေးဝေရန် အတွက် ဓါတ်မီးတိုင်များ စိုက်ထူထားသည်မှာ လနှင့်ချီ၍ ကြာမြှင်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့ထိ လျှပ်စစ်မီး မရသေးဟု သိရသည်။
ကျောက်ဖြူခရိုင်လျှပ်စစ်ရုံးမှ ခရိုင်မှူးအား ဖုံးဆက်ပြီး မဒေးကျွန်းပေါ်တွင် မည်သည့် အချိန်တွင် လျှပ်စစ်မီး ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိပါသလဲဟု မေးမြန်းရာ သူတို့ အနေနှင့် တစ်စုံတစ်ရာ မသိရှိကြောင်း ပြောကြားသည်ဟု ကျွန်းပေါ်မှ လူကြီး တစ်ဦးက ပြောကြားသည်။
သို့အတွက် ကျွန်းသူ ကျွန်းသားများအနေဖြင့်  မြင်သာ မြင်ရ မကြင်ရဆိုသကဲ့သို့ ဓါတ်မီးတိုင်များ စိုက်ထူထားပြီး လျှပ်စစ်မီး မရရှိခြင်းကြောင့် အထူးစိတ်ပျက်နေကြသည်ဟု ဆိုသည်။
ကျွန်းပေါ်မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးထွန်းကြည်က ဓါတ်မီးတိုင်များ စိုက်ထူထားပြီး မည်သည့်နေရာမှ လျှပ်စစ်ဓါတ်အားဖြင့် မဒေးကျွန်းအား လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမည်ကိုလည်း သက်ဆိုင်ရာမှ တိတိကျကျ တစ်စုံတစ်ရာလည်း ရှင်းလင်းပြောကြားခြင်း မရှိဟုဆိုသည်။
ဓါတ်တိုင်များ စိုက်ထူပြီ ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် လျှပ်စစ်မီး အမြန်ဆုံး ဖြန့်ဖြူးပေးရန် ကျွန်းသူ ကျွန်းသားများက အထူးလိုလားနေကြသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: