Friday, January 31, 2014

အမ်းရေနံပိုက်လိုင်းစခန်း မီးရှို့မှု လုပ်သားရှစ်ဦးကို ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းနေသည့် တရုတ်- မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်း မီးရှို့ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား လုပ်သားရှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက်ကျေးရွာရှိ ရေနံပိုက်လိုင်း တည်ဆောက်ရေး စခန်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က တရုတ်လုပ်သားက မြန်မာ လုပ်သားကို ရေဖြင့်ပက်ရာမှ အချင်းများမှုများ ဖြစ်ပွားခဲ့ပြီး ပိုက်လိုင်း လုပ်သားများ နေထိုင်သည့် အဆောင်ကို မြန်မာလုပ်သား အချို့က မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

အဆိုပါ မီးရှို့မှုကြောင့် လုပ်သားများ နေထိုင်သည့် အဆောက်အအုံနှင့် ဒီဇယ်ဆီ ဂါလန် ၂၀၀၀ အပါအဝင် စုစုပေါင်း ကျပ် ၂၄၃၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွင် တရုတ်လုပ်သား ၇၉ ဦးရှိပြီး မြန်မာဝန်ထမ်း ၁၅၀ ဝန်းကျင် ရှိကြောင်း ယင်းပိုက်လိုင်းကို အကောင်အထည် ဖော်နေသည့် SEAOP (South East Asia oil Pipeline) ထံမှ သိရှိရသည်။

ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းကို EAOP က အိန္ဒိယ ကုမ္ပဏီတစ်ခု ဖြစ်သည့် PunJLoyd ကုမ္ပဏီကို တည်ဆောက်ခွင့် ပေးထားပြီး အဆိုပါ အိန္ဒိယကုမ္ပဏီက Yun Nan Construction လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်သဖြင့် အဆိုပါ လုပ်သားများနှင့် SEAOP နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိကြောင်း SEAOP က ထုတ်ပြန်ထားသည်။

မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သူ အချို့မှအပ ကျန်လုပ်သားများမှာ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပုံမှန် အလုပ်လုပ်ကိုင်နေကြောင်း SEAOP ထံမှ သိရှိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: