Friday, January 31, 2014

ရခိုင်ပြည်နယ်အရေး ဝင်မစွက်ဖက်ဟု ဗြိတိန်ဝန်ကြီးဆို

Photo: ရခိုင်ပြည်နယ်အရေး ဝင်မစွက်ဖက်ဟု ဗြိတိန်ဝန်ကြီးဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေး ဘာသာရေး အသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်၍ ဗြိတိန် အစိုးရအနေနှင့် တစ်စုံတစ်ရာ ကြားဝင် စွက်ဖက်မှု ပြုလုပ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာရှရေးရာ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီး Hugo Swire က ပြောကြားသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးက ဇန်နဝါရီလ ၃၀ ရက်နေ့က ဗြိတိန်သံရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“တကယ်တမ်း ဒီကိစ္စတွေ ဖြေရှင်းရာမှာ ကျွန်တော်တို့ အပြင်ကလူတွေ ဘာမှဝင်ပါစရာ မလိုပါဘူး။ ခင်ဗျားတို့ နိုင်ငံက နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ဆောင်ရွက်ရမယ့် တာဝန်တွေပါ” ဟု ဝန်ကြီးက ဆိုသည်။

ဗြိတိန်နိုင်ငံ အနေနှင့် ရခိုင်ပြည်နယ်တွင်သာမက ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို အကူအညီများ ပေးအပ်ခဲ့သလို ပဋိပက္ခများ၊ စစ်ပွဲများ အပြီးသတ်စေရန် ကြားဝင် ဆောင်ရွက်နေသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများကိုသာ အထောက်အပံ့များ ပေးလေ့ ရှိကြောင်း ၎င်းကဆိုသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီ ၄၀ ကျော် အသတ်ခံရသည်ဟူသော သတင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားမည်ဟု မြန်မာအစိုးရက ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
“အစကတော့ အစိုးရဘက်က ငြင်းပါတယ်။ အခုကျတော့ သူတို့ စုံစမ်းစစ်ဆေး ဖော်ထုတ်မယ်လို့ ပြောပါတယ်။ ဒါဆို အဲဒီမှာ ပဋိပက္ခတွေ တကယ်ဖြစ်ခဲ့လို့ များလား။ ဘာပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးမယ် ဆိုတာကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ စုံစမ်းစစ်ဆေးရာတွင် နှစ်ဖက် အသိုင်းအဝိုင်းလုံးကို ခြုံငုံ၍ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း၊ တစ်ဖက်သတ် စုံစမ်းစစ်ဆေးမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျေနပ်နိုင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ်သို့ ၂၀၁၃ ခုနှစ်အတွင်းက ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး အစိုးရ အရာရှိများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် ရခိုင်ပြည်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် နိုင်ငံတကာ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အသိအမှတ်ပြု ခံထားရသည့် ပုဂ္ဂိုလ်များ ရခိုင် ပြည်နယ်သို့ သွားရောက် စစ်ဆေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။

သို့သော် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ အနေနှင့် ယင်းဒေသသို့ သွားရောက် လေ့လာခွင့် ပြုထားသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် သီးခြား စုံစမ်းစစ်ဆေးခွင့်ပေးရန် မလိုကြောင်း ပြောကြားခဲ့သည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: