Monday, February 3, 2014

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဘင်္ဂါလီ ၄၀ ကျော် အသတ်ခံရပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဆိုသော ပြည်ပမီဒီယာအချို့၏ ဖော်ပြချက်များအတွက် သက်သေအထောက်အထား ပြသနိုင်ခြင်းမရှိ

ဒုချီးရားတန်း (အလယ်ရွာ) ကျေးရွာအတွင်းပိုင်းကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်
အေပီ၊ ဘီဘီစီနှင့် အခြားပြည်ပ သတင်းဌာနများမှ ဖော်ပြခဲ့သော ဇန်နဝါရီ ၁၃ရက် ညပိုင်းက မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲများမှ ကျေးရွာအတွင်း ဝင်ရောက်ပြီး ပတ်ခတ်သဖြင့် ဘင်္ဂါလီ ၄ဝ ကျော် သေဆုံးပြီး ၂ဝ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အဆိုပါကျေးရွာတွင် နေထိုင်သူများ အနေဖြင့် သက်သေအထောက်အထား တစ်စုံတစ်ရာ မပြသနိုင်ဘဲ အနီးဝန်းကျင် ကျေးရွာများတွင် နေထိုင်သူများကလည်း လူအများအပြား သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ ၎င်းတို့မကြားမိကြောင်း ပြောကြားသည်။

ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် မောင်တောမြို့နယ် ခရေမြိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ခရေမြိုင်၊ ကင်းချောင်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ လိုက်ပါပြီး နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်လည်စဉ် ဒုချီးရားတန်းကျေးရွာ၌ တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်မှု ခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးသွားခဲ့ပြီးနောက်တွင် ပြည်တွင်းအခြေစိုက် ဧရာဝတီ သတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်းဌာနများဖြစ်သော AP၊ BBC နှင့် မီဒီယာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာ အတွင်းသို့ဝင်ရောက်ပြီး အမျိုးသမီးများနှင့် ကလေးသူငယ် ၄ဝ ကျော်အား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထုတ်လွှင့်ဖော်ပြခဲ့ကြသည်။

ပျောက်ဆုံးရဲတပ်ကြပ်ကြီး၏ ပစ္စည်းများကို ပြသနေစဉ်


ယင်းသို့ သတင်းဖော်ပြမှုများကြောင့် ရန်ကုန်မြို့ရှိ အင်္ဂလန်နှင့် အမေရိကန်က ကြေညာချက်များ ထုတ်ပြန်ပြီး ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ အစိုးရအနေဖြင့် ဒုချီးရားတန်းဖြစ်စဉ်အတွက် ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အား သွားရောက်ပြီး စုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့သလို အဆိုပါ တွေ့ရှိချက်များအား ဇန်နဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့၌လည်း နိုင်ငံတကာမှ သံတမန်များအား ဖိတ်ကြားပြီး ဒုချီးရားတန်းဖြစ်စဉ်အား အထောက်အထားများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါကျေးရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရပြီး ရဲတပ်ကြပ်ကြီး အကြမ်းဖက်မှုဖြစ်စဉ်အား မေးမြန်းခဲ့ရာ အားလုံးက မသိကြောင်းနှင့် နားမလည်ကြောင်းကိုသာ ပြောကြားကြသည်။ အဆိုပါ အမျိုးသမီးများသည် ဒေသခံပြောစကားဖြစ်သော ရခိုင်ဘာသာစကားကိုလည်း မပြောဆိုနိုင်ကြသလို မြန်မာစကားကိုလည်း လုံးဝနားမလည်သည်ကို တွေ့ရှိရသည်

ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်သော သံတမန်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ကာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းခဲ့ကာစစ်တွေမြို့ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့သည်။ အဆိုပါအဖွဲ့သည် ဇန်နဝါ ရီ ၃ဝ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ရောက်ရှိကာ အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

ဒုချီးရားတန်း (အလယ်ရွာ) ကျေးရွာရှိ မိသားစုတစ်စုကို တွေ့ရစဉ်


ဒုချီးရားတန်းကျေးရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များသာရှိပြီး အမျိုးသားများမှာ အခင်းဖြစ်ပွားသည့်အချိန် နောက်ပိုင်းကတည်းက တိမ်းရှောင်ပုန်းအောင်းနေကြပြီး ၎င်းတို့ပုန်းအောင်နေသော နေရာကို မသိရှိကြောင်း ဒေသခံများက ထွက်ဆိုကြသည်။ သံတမန်များက ပုန်းအောင်းနေသူ အားလုံးကို ဖမ်းဆီရန် အစီအစဉ် ရှိမရှိကို ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုအား မေးမြန်းရာ ဖမ်းဆီးရန် အစီအစဉ်မရှိဘဲ စစ်ဆေးမေးမြန်းရန်သာ ရှိကြောင်းနှင့် ရဲတပ်ကြပ်ကြီးအား အကြမ်းဖက်မှုတွင် ပါဝင်သူများအား ဖော်ထုတ်နိုင်ပါက ကျန်ကျေးရွာသူ ကျေးရွာသားများအား ဖမ်းဆီးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Eleven Media Group သတင်းအဖွဲ့အနေဖြင့် အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများသို့ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်က သွားရောက်ပြီး စုံစမ်းခဲ့ရာတွင် အဆိုပါကျေးရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရပြီး ရဲတပ်ကြပ်ကြီး အကြမ်းဖက်မှုဖြစ်စဉ်အား မေးမြန်းခဲ့ရာ အားလုံးက မသိကြောင်းနှင့် နားမလည်ကြောင်းကိုသာ ပြောကြားကြသည်။ အဆိုပါ အမျိုးသမီးများသည် ဒေသခံပြောစကားဖြစ်သော ရခိုင်ဘာသာစကားကိုလည်း မပြောဆိုနိုင်ကြသလို မြန်မာစကားကိုလည်း လုံးဝနားမလည်သည်ကို တွေ့ရှိရသည်။ လူ ၄ဝ ကျော် အသတ်ခံရသည်ဆိုသော သတင်းနှင့် လူရှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့သူ ရှိမရှိ မေးမြန်းရာတွင်လည်း ၎င်းတို့ မမြင်တွေ့ရကြောင်းနှင့် လူရှစ်ဦးအားသတ်ဖြတ်ပြီးကင်းချောင်းကျေးရွာသုသာန်ဟောင်းအနီးမှ တောင်ကြားတွင် မြှုပ်နှံထားသည်ဟု ထင်းခုတ်သမားတစ်ဦးက ပြောသဖြင့် သိရကြောင်းသာ ပြောကြားပြီး အဆိုပါ ထင်းခုတ်သမား၏ အမည်နှင့် မည်သည့်ကျေးရွာက ဖြစ်သည်ကို မေးမြန်းရာတွင်လည်း ပြန်လည်ဖြေဆိုနိုင်ခြင်း မရှိပေ။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း တာဝန်ကျရာ ခရေမြိုင်ကျေးရွာမှာ ဒုချီးရားတန်းကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးကွာပြီး ရခိုင်တိုင်းရင်းသားများနှင့် မြန်မာများနေထိုင်သော ကျေးရွာဖြစ်သည်။ အခင်းဖြစ်ပွားခဲ့သော ဇန်နဝါရီ ၁၃ ရက်ည ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကျေးရွာလူကြီး ဦးခင်မောင်ဝင်းနှင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ ညီဖြစ်သူ ကိုထွန်းဖြူအား တွေ့ဆုံပြီး မေးမြန်းခဲ့ရာတွင် သတင်းမီဒီယာအချို့၏ ဖော်ပြချက်နှင့် ဆန့်ကျင်ကွဲလွဲနေသည်ကို တွေ့ရှိခဲ့ရသည်။
ဒုချီးရားတန်း (အလယ်ရွာ) ကျေးရွာ စာသင်ကျောင်းရှေ့မြင်ကွင်း


ကျေးရွာလူကြီး ဦးခင်မောင်ဝင်းက “ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းက အင်မတန် စိတ်သဘောထားကောင်းတဲ့သူပါ။ အရက်သေစာ သောက်စားတတ်တဲ့သူလည်း မဟုတ်ပါဘူး။ ကင်းလှည့်သွားတာကလည်း ပုံမှန်လှည့်ကင်း သွားကြတာပါ။ ရွာထဲကိုရောက်တော့ လူအုပ်နဲ့ဝိုင်းပြီး ရန်လုပ်တာ ခံခဲ့ရတာပါ။ ရဲတွေမှာ လက်နက်အင်အား မကောင်းတာသိလို့ ဒီလိုလုပ်ကြတာ။ တစ်လုံးထိုး သေနတ်တွေပဲရှိပြီး အောင်ကျော်သိန်းကိုင်တဲ့ M-22 မောင်းပြန်သေနတ်က အခင်းဖြစ်မယ့်နေ့ နေ့လယ်ကမှ မောင်တောကထုတ်ခဲ့တာပါ။ ကင်းလှည့်သွားရင်း လူစုနဲ့ရန်ပြုခံရလို့ ခရေမြိုင်စခန်းက ရဲတွေပြန်လာပြီး အောင်ကျော်သိန်း ကျန်ခဲ့တယ်ဆိုတာ သိရပြီး မျှော်နေကြတယ်။ ချက်ချင်းဆိုသလိုပဲ ခရိုင်နဲ့မြို့နယ်အဆင့်က ရောက်လာကြပြီး သုံးနာရီအတွင်း အောင်ကျော်သိန်းကို ပြန်ထုတ်ပေးဖို့ ပြောပါတယ်။ မပေးတဲ့အတွက် သတ်မှတ်တဲ့အချိန်မှာ ရွာထဲကိုဝင်တော့ ယောက်ျားသားတွေ မရှိတော့ဘူး။ ပတ်သံခတ်သံလည်း မကြားရပါဘူး။ ခရေမြိုင်နဲ့ ဒုချီးရားတန်းဆိုတာ လမ်းလျှောက်သွားရင်တောင် ဆယ်မိနစ်အတွင်းရောက်တဲ့ အကွာအဝေးပါ။ လူ ၄ဝ ကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် ကျွန်တော်တို့ရွာက အတိုင်းသား ကြားရမှာပါ။ ဘယ်သူလာမေးမေး ကျွန်တော်ဒီအတိုင်းပဲ ဖြေပါမယ်။ မဟုတ်မမှန်လည်း မပြောတတ်ပါဘူး။ လူ ၄ဝ ကျော်သေတယ်လို့ ပြောပေမယ့် သူတို့သင်္ချိုင်းက လွန်ခဲ့တဲ့ ၂ဝ၁၂ ကတည်းက အတိုင်းပါပဲ။ သေသူမရှိတဲ့အတွက် ဖုန်းဆိုးကွင်းကြီးတောင် ဖြစ်နေပါပြီ။ သူတို့ဘာသာရေး ထုံးစံအရဆိုရင် ဒီအတိုင်းမြှုပ်ရပါတယ်။ အခုဘာမှ မတွေ့ပါဘူး” ဟု ပြောကြားသည်။

ဒုချီးရားတန်းကျေးရွာအုပ်စုတွင် ကျေးရွာခုနစ်ရွာရှိပြီး အခင်းဖြစ်သည့် ဒုချီးရားတန်းအလယ်ရွာတွင် အိမ်ထောင်စု ၄ဝဝ ကျော်ရှိကာ လူဦးရေ ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။ အနီးရှိ ရခိုင်တိုင်းရင်းသား ကျေးရွာများဖြစ်သော ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကန်သာယာ(အထက်)၊ ကန်သာယာ(အောက်) ကျေးရွာများတွင် အိမ်ထောင်စု ၃ဝ ဝန်းကျင်စီသာရှိပြီး လူဦးရေမှာလည်း ၁ဝဝ ပတ်ဝန်းကျင်သာ ရှိကြသည်။ ရခိုင်တိုင်းရင်းသား ကျေးရွာများမှာ တစ်နေရာနှင့်တစ်နေရာ အလှမ်းကွာသော်လည်း ဘင်္ဂါလီကျေးရွာများမှာ ဆက်စပ်လျက်တည်ရှိကြသည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားများ အနေဖြင့် လုံခြုံရေး အစောင့်အရှောက်ဖြင့်သာ နေထိုင်ရဲကြပြီး ဘင်္ဂါလီကျေးရွာများဖက်သို့ သွားရောက်ရဲကြခြင်း မရှိကြောင်း သိရသည်။

ကင်းချောင်းရဲစခန်းမှ ရဲတပ်သားများကလည်း ဒုချီးရားတန်းကျေးရွာသည် ၂ဝဝ၈ ခုနှစ်ကလည်း ရဲတပ်ကြပ်တစ်ဦးအား ရိုက်နှက်ခဲ့ဖူးပြီး လက်ရှိအချိန်တွင်လည်း စခန်းမှူးကိုပင် ဓားပြကာ ခြိမ်းခြောက်သည့်ရွာဟု ပြောကြားသည်။ ရွာအနီးရှိချောင်းမှ နာရီဝက်ခန့်သွားလျှင် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ရောက်ရှိသဖြင့် ပြစ်မှုကျူးလွန်ပြီးလျှင် ထွက်ပြေးသွားတတ်ကြသည်ဟု ပြောကြားချက်များအရ သိရသည်။

ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး၏ ဖိနပ်အပါအ၀င် အသုံးဆောင်အချို့အား တွေ့ရှိသည့်နေရာအား ပြသနေစဉ်


ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုနှင့် ဇန်နဝါရီ ၃၁ ရက်က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက “ဇန်နဝါရီ ၁၄ ရက်မှာ ရွာထဲကိုဝင်တော့ ဗလီစောင့်တစ်ဦးပဲ ယောက်ျားသားတွေ့ရတယ်။ ကျန်တာက မိန်းမနဲ့ကလေးတွေပဲ။ မေးကြည့်တဲ့အခါ အဖမ်းခံရမှာကြောက်လို့ ထွက်ပြေးသွားကြတယ် ပြောပါတယ်။ ဗလီစောင့်နဲ့ ရွာနားမှာ ပုန်းနေတဲ့သူတွေကို ခေါ်ယူစစ်ဆေးတဲ့အခါမှာ လူ ၂၇ ဦးရဲ့ အမည်ကို ရပါတယ်။ လက်ရှိအချိန်မှာ ၁၆ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူးဆီကိုလည်း သူတို့ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်တွေပို့ပြီး အဲဒီဘက်မှာ ရှိ၊ မရှိ စစ်ဆေးပေးဖို့ အကူအညီတောင်းထားပါတယ်။ အခင်းဖြစ်တဲ့ရွာက အရင်ကတည်းက နာမည်ဆိုးတဲ့ရွာပါ။ ဇန်နဝါရီ ၁၃ ရက်က သူတို့ဘာသာရေးရဲ့ တမန်တော်နေ့ပါ။ ကင်းချောင်းအုပ်ချုပ်ရေးမှူးကိုလည်း ဖုန်းဆက်ပြီး ရွာကိုလာဖို့ခေါ်တယ်လို့ သိရပါတယ်။ နောက်ပြီး မောင်တောက ဌာနဆိုင်ရာ အရာရှိတစ်ယောက်ကိုလည်း ရွာကိုလာဖို့ ခေါ်ပါသေးတယ်။ ဘယ်သူမှမသွားကြဘဲ ကင်းလှည့်သွားတဲ့ တပ်ကြပ်ကြီးကို အခုလိုလုပ်လိုက်တာပါ။ ရည်ရွယ်ချက်နဲ့လုပ်တာပြောလို့ ရပါတယ်။ နောက်ပြီး EU သံတမန်တွေလာမယ် ၃ဝ ရက်မတိုင်မီ ၂၉ ရက်ညကလည်း ရွာကိုမီးရှို့ပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်မီးရှို့ပါတယ်ဆိုပြီး သတင်းလွှင့်ပါတယ်။ အခုဖြစ်စဉ်က နိုင်ငံတော်ဝန်ထမ်းတစ်ယောက်ကို အကြမ်းဖက်ပြီး လက်နက်လုယူတဲ့ နိုင်ငံတော်ပုန်ကန်မှုပါ။ ဒါကြောင့် ကျွန်တော်တို့တောင်းဆိုထားတဲ့ ရဲတပ်ကြပ်ကြီးနဲ့ လက်နက်မရမချင်း ဖိဖိစီးစီး လုပ်သွားပါမယ်” ဟု ပြောကြားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီးကလည်း ဒုချီးရားကျေးရွာ ဖြစ်စဉ်အပေါ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒုချီးရားတန်းကျေးရွာအုပ်စုတွင် ကျေးရွာခုနစ်ရွာရှိပြီး အခင်းဖြစ်သည့် ဒုချီးရားတန်းအလယ်ရွာတွင် အိမ်ထောင်စု ၄ဝဝ ကျော်ရှိကာ လူဦးရေ ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။ အနီးရှိ ရခိုင်တိုင်းရင်းသား ကျေးရွာများဖြစ်သော ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကန်သာယာ(အထက်)၊ ကန်သာယာ(အောက်) ကျေးရွာများတွင် အိမ်ထောင်စု ၃ဝ ဝန်းကျင်စီသာရှိပြီးယင်းဖြစ်စဉ်အား သိရှိနိုင်ရန် ဥရောပသမဂ္ဂ သံအမတ်ကြီး ဦးဆောင်သော သံတမန်အဖွဲ့က ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်၍ ဒေသခံများကို မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပြင်သစ်သံအမတ်ကြီးက အစ္စလာမ် ဘာသာဝင်များအား ၎င်းတို့၏ လူမျိုးအပေါ် ထင်မြင်ချက်ကို မေးမြန်းမှုအပေါ် ရွာသစ်ကေရပ်ကွက် တာဝန်ခံဘာဆဲက “ကျွန်တော်တို့ကတော့ ဝန်ထမ်းသားသမီးပါ။ မောင်တောမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် အတူတကွ စားအတူ၊ သွားအတူနေပြီး ငြိမ်းချမ်းနေပါတယ်။ ၉၉ ရာခိုင်နှုန်း ငြိမ်းချမ်းနေပါတယ်။ လူနည်းစု တစ်စုကသာဆူပူမှုပြဿနာဖြစ်အောင်ဖန်တီးနေပါတယ်။ဒါကိုပူးပေါင်းပြီးအရေးယူဆောင်ရွက် ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က နိုင်ငံတော်က သတ်မှတ်ပေးတဲ့ လူမျိုးကို လက်ခံပါတယ်။ ကျွန်တော်တို့က မွတ်စလင်လူမျိုးတွေပါ” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

ဒုချီးရားတန်း(အလယ်)ရွာတွင်းမှ ရဲတပ်ကြပ်ကြီး အကြမ်းဖက် တိုက်ခိုက်ခံရသည့် နေရာအား တွေ့ရစဉ်


ထို့အပြင် အီးယူသံအမတ်ကြီးက ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံစကားကို မတတ်ကြဘူးဆိုတော့ တစ်မျိုးဖြစ်နေကြောင်း ထို့ကြောင့် တရားမဝင် ရောက်လာသူများလား၊ ဒီမှာပဲ မွေးဖွားသူများလား စသည်ဖြင့် မေးမြန်းမှုကို မြို့မတောင်ရပ်ကွက် တာဝန်ခံဦးအီဆုပ်က “အဲဒီကိစ္စကို ဌာနဆိုင်ရာတွေက ပိုပြီးသိနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ဒီမှာ အချိန်အကြာကြီး ဘိုးဘွားကအစ နေထိုင်လာခဲ့ကြတာပါ။ ခိုးဝင်လာတယ် ဆိုတာတွေကို ဌာနဆိုင်ရာတွေက စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတော့ ပိုသိမှာပါ။ အဓိကကတော့ ဆင်းရဲပြီး စာမတတ်ကြလို့ပါပဲ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကို ပညာရေးတိုးတက်အောင် ကူညီပေးစေချင်ပါတယ်။ ပညာရေးမြင့်မားလာပြီဆိုရင် အားလုံးအဆင်ပြေသွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်က ဒုချီးရားတန်းကျေးရွာအတွင်း ဝင်ရောက်ပြီး အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂါလီဘာသာဖြင့် (နော်ဘူဇေး-နားမလည်ဘူး၊ နော်စေးနီ-မသိဘူး) ဟုသာ ပြန်လည်ဖြေဆိုကြသည်။ ထိုသို့မေးမြန်းနေစဉ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်နှင့်အဖွဲ့သည် ကျေးရွာအတွင်းဝင်ရောက်ပြီး လူ ၄ဝ ကျော်အသတ်ခံရသည့် ဖြစ်စဉ်၊ လူရှစ်ဦးအား သတ်ဖြတ်ပြီး တောင်ကြားတွင် မြှုပ်နှံထားသည့် ဖြစ်စဉ်များအတွက် သက်သေအထောက်အထားများအား ရွာခံအမျိုးသမီးများနှင့် အနီးဝန်းကျင် ကျေးရွာများမှ အုပ်ချုပ်ရေးတာဝန်ယူထားသူ အမျိုးသားများအား မေးမြန်းခဲ့သည်။

လူ့အခွင့်အရေးကော်မရှင်၏ မေးမြန်းမှုကို လာရောက်ကူညီသော မောင်တောမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုစားလှယ် ဦးအောင်မျိုးမင်းအား ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းသိရှိထားသည်များအနက်မှ ပြောကြားပေးရန် မေးမြန်းခဲ့ရာတွင် “ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ ကျွန်တော်မရှိတဲ့အတွက် ဘာမှမပြောပြနိုင်ပါဘူး။ ဒေသခံတွေကိုမေးတာ အကောင်းဆုံးပါ” ဟုသာ ပြန်လည်ဖြေကြားသွားခဲ့သည်။

ရဲတပ်ကြပ်ကြီး ပျောက်ဆုံးခဲ့သည့် ဒုချီးရားတန်း အလယ်ရွာအား တွေ့ရစဉ်
မောင်တောမြို့နယ်တွင် မြောက်ပိုင်းနှင့်တောင်ပိုင်းဟု နှစ်ပိုင်းရှိပြီး ယခုဒုချီးရားတန်းရှိသည့် တောင်ပိုင်းမှာ ပညာရည်နိမ့်ကျပြီး ရာဇဝတ်မှုထူပြောသည့် နေရာဖြစ်ကြောင်း မြောက်ပိုင်းမှာ တည်ငြိမ်မှုရှိသလို ပညာတတ်လည်းများကြောင်း သိရသည်။ ဇန်နဝါရီ ၁၃ ရက်ညက ဖြစ်စဉ်ကြောင့် လူ ၂၂ ဦးအား ဆေးကုသပေးခဲ့ရသည်ဟု မောင်တောအခြေစိုက် နယ်စည်းမခြား ဆရာဝန်များအသင်း (AZG) မှ သတင်းထောက်များထံသို့email ဖြင့်အကြောင်းကြားမှုရှိခဲ့ခြင်းကြောင့် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးက AZG မှ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းရာတွင် အထောက်အထား မတင်ပြနိုင်ခဲ့ကြောင်း သိရသည်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက “မောင်တောပြည်သူ့ဆေးရုံက ဆရာဝန်ကြီးက AZG အဖွဲ့မှာလုပ်နေတဲ့ ဆရာဝန်နှစ်ဦးကိုေ ခေါ်စစ်ပါတယ်။ ဒါဟာ ရဲမှုခင်းဖြစ်စဉ်ဖြစ်တယ်လို့ သေချာရှင်းပြတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့သူတွေကို ကုသရတာ မရှိဘူးလို့ အစစ်ဆေးခံရတဲ့သူတွေက ထွက်ဆိုတယ်။ အဲဒီစစ်ဆေးချက်ကိုလည်း ပြည်နယ်အစိုးရကို တင်ပြထားပြီးပါပြီ” ဟု ပြောပါသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့်က “ကျွန်တော်တို့ ဒီကိုလာတာ လူရှစ်ယောက် အသတ်ခံရတယ် ဆိုတဲ့ဟာရယ် လူ ၄ဝ အသတ်ခံရတယ် ဆိုတဲ့ဟာရယ်အတွက် အဓိကထားပြီး လာပါတယ်။ မနေ့ကတော့ အစိုးရပိုင်းနဲ့တွေ့တယ်။ ဒီနေ့တော့ ဖြစ်စဉ်ရွာကိုသွားတယ်။ ခက်တာက အဲဒီရွာမှာ ယောကျာ်းတွေ တစ်ယောက်မှမရှိဘူး။ မိန်းမတွေချည်းပဲ။ အဲဒီရှိတဲ့ မိန်းမတွေနဲ့ ရွာနီးစပ်က ယောကျာ်းတွေကို မေးတဲ့အခါ ဘယ်သူမှ ရေရေရာရာ မသိဘူး။ ကျွန်တော်တို့မေးတဲ့ထဲက မိန်းမတစ်ယောက်ပြောတဲ့ဟာဆိုရင်သူကိုထင်းခုတ်သွားတဲ့သူတစ်ယောက်က ပြောတာကို ပြန်ပြောတဲ့အခါ လူရှစ်ယောက်ကိုသတ်ပြီး ကင်းချောင်းရွာနားက သင်္ချိုင်းအဟောင်းမှာ မြှုပ်ထားတယ်ဆိုတော့ ကျွန်တော်တို့က အဲဒါဆိုလိုက်ပြလေပြောတော့ သူကကြားရုံကြားတာ။ မသိဘူးတဲ့။ ဒါနဲ့ ကျွန်တော်တို့က ဒီညနေမှာ အဲဒီသူပြောတဲ့သူ ကင်းချောင်းရွာနဲ့ လေးဖာလုံလောက်ဝေးတဲ့ သင်္ချိုင်းကိုသွားတယ်။ ကင်းချောင်းရဲ့ တောင်စပ်နားတောစပ်နားမှာပါ။ အဲဒီမှာ သင်္ကာမကင်းစရာ ဘာမှမတွေ့ခဲဘူး။ ဒီအပြင် အဲဒီအခင်းဖြစ်တဲ့ အလယ်ရွာက မိန်းမတွေရဲ့ ထွက်ချက်မေးတဲ့အခါမှာလည်း ကြားတာလို့ပဲပြောတယ်။ ဘာမှ အတိအကျ မပြောနိုင်ဘူး။ ခုထက်ထိတော့ ဝေဝေဝါးဝါးပါပဲ” ဟု ပြောကြားသည်။


ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ဇနီး ဒေါ်ခင်အေးလွင်နှင့် တွေ့ဆုံခြင်း

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ဇနီး ဒေါ်ခင်အေးလွင်


မေး - အစ်မတို့ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပါပြီလဲ။
ဖြေ - ၂၀၁၂ ခုနှစ် အောက်တိုဘာလကမှ အိမ်ထောင်ကျခဲ့တာပါ။ သူကအဖေနဲ့ ၁၀ နှစ်ကျော် လက်တွဲအလုပ်လုပ်ခဲ့တဲ့သူဖြစ်လို့ သူမောင်တောကို ပြောင်းခါနီးမှာ ကျမနဲ့ အိမ်ထောင်ချပေးခဲ့တာပါ။ အဖေကလည်း ရဲဝန်ထမ်းပါပဲ။ အခု ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကုလားထိပ်ရဲစခန်းမှာ တာဝန်ကျနေပါတယ်။ သူက အသက် ၄၀ ၊ ကျွန်မက ၃၀ ပြည့်တော့မယ်။

မေး - မောင်တောကိုပြောင်းလာတာ ကြာပြီလား။ တပ်ကြပ်ကြီး အောင်ကျော်သိန်းက အခုဖြစ်တဲ့ရွာနဲ့ ပြဿနာဖြစ်ဖူးတာရှိလား။
ဖြေ - မကြာသေးဘူး ဒီကိုပြောင်းလာတာ။ လက်ထပ်ပြီးနောက်မှ။ သူက ခရေမြိုင်ရဲကင်းမှာ တာဝန်ကျလို့ အဲဒီကိုလိုက်နေတာ လေးလလောက်ပဲ ရှိသေးတယ်။ သူက မသောက်တတ် မစားတတ်ပါဘူး။ ပတ်ဝန်းကျင်ရွာတွေနဲ့လည်း အဆင်ပြေပါတယ်။ ပြဿနာတစ်စုံတစ်ရာမှ မဖြစ်ခဲ့ဖူးပါဘူး။

မေး - အစ်မက မီဖွားခါနီးဆိုတော့ ဘယ်အချိန်က မောင်တောကို ပြန်ပြောင်းလာတာလဲ။
ဖြေ - ဇန်န၀ါရီ ၈ ရက်ကမှ ဆေးရုံတက်ဖို့ မြို့ကိုပြန်လာတာ။ သူက တစ်နေ့တစ်ခေါက်တော့ လာပါတယ်။ ၁၃ ရက်ကလည်း လက်နက်လာထုတ်တာဆိုပြီး နေ့ခင်းမှာ ရောက်လာပါတယ်။ အလုပ်တွေ ရှိသေးလို့ဆိုပြီး အိမ်ထဲကိုတောင် ၀င်မသွားပါဘူး။ အပြင်ကနေပဲ စကားပြောပြီး ပြန်သွားတယ်။ အဲဒါ နောက်ဆုံးတွေ့လိုက်ရတာပါပဲ။ ညပိုင်းမှာ ဖြစ်တယ်လို့သိရပြီး ပြန်တွေ့နိုးနိုး စောင့်နေရတာ အခုချိန်အထိပါပဲ။

မေး - မီးဖွားဖို့အတွက် ဒီကိုရောက်လာရင်း ဖြစ်သွားတာဆိုတော့ အခက်အခဲတွေ ရှိမှာပေါ့။
ဖြေ - အခက်အခဲကတော့ ရှိတာပေါ့။ မြို့နယ်ကရော ခရိုင်ကပါ ၀ိုင်းကူညီကြလို့ အစစအရာရာ အဆင်ပြေပါတယ်။ ကလေးက ခွဲပြီးမွေးရတယ်။ လူကလည်း သောကစိတ်နဲ့ဆိုတော့ ကျန်းမာရေး မကောင်းတဲ့ကြားက ခက်ခက်ခဲခဲ မွေးခဲ့ရတာ။

မေး - ကလေးငယ်လေးနဲ့ဆိုတော့ ဒုက္ခရောက်နေမှာပေါ့။
ဖြေ - သူအဲဒီလိုဖြစ်တယ် သတင်းကြားတော့ ဖျာပုံမှာရှိတဲ့ အဖေနဲ့အမေ ရောက်လာပါတယ်။ သူတို့ကလည်း ရဲဝန်ထမ်းတွေဆိုတော့ အခက်အခဲတွေကြားက လာကြရတာလေ။ အဖေကလည်း သူလိုရဲတပ်ကြပ်ကြီးပါ။ အမျိုးသားရော ကျမတို့ကပါ ရခိုင်တိုင်းရင်းသားတွေပါ။

မေး - ရှေ့ဆက်ပြီး ဘယ်လိုလုပ်မယ် စီစဉ်ထားပါသလဲ။
ဖြေ - ဒီမှာ ကလေးငယ်လေးနဲ့ ဘယ်လိုမှနေလို့ မဖြစ်ဘူးလေ။ အဖေတို့ရှိရာကို လိုက်သွားရမှာ။ ကလေးငယ်သေးလို့ ခဏစောင့်နေရတာ။ ကုလားထိပ်မှာက နေလို့အဆင်မပြေတော့ အမာမြို့သစ်မှာ အမေတို့နဲ့အတူ နေရမှာပေါ့။ သွားရေးလာရေးကခက်တော့ မောင်တောကနေပြန်ဖို့ ခက်နေတယ်။ စစ်တွေကနေ လေယာဉ်နဲ့ပြန်ဖို့ အဆင်မပြေမှာ စိတ်ပူတယ်။

မေး - တခြား ဘာများပြောချင်တာ ရှိပါသေးလဲ။
ဖြေ - ကျမတို့က ရခိုင်တိုင်းရင်းသားတွေပါ။ ကိုယ့်လူမျိုးကို စောင့်ရှောက်ရင်း အခုလိုဖြစ်သွားရတဲ့ သူ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် ဂုဏ်ယူပါတယ်။ လူကြီးတွေကလည်း သူ့အတွက် ၀မ်းနည်းလို့မဆုံးပါဘူး။ ကလေးရှေ့ရေးအတွက်တော့ စိတ်ပူရတာရှိပေမယ့် ကြိုးစားသွားရမှာပေါ့။ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အတွက် အခုလိုမျိုး ဖြစ်သွားရတာပါ။ ဒါကိုသူက သက်သေပြသွားတာပါ။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
(Profile)

အမည်- ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
ကိုယ်ပိုင်အမှတ် - ၁၇၂၁၀၈
မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၇၅
လုပ်သက် - ၁၈ နှစ်
ဇနီးအမည်- ဒေါ်ခင်အေးလွင်
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: