Tuesday, February 4, 2014

ဘင်္ဂလာဒေခ်ျ့- ရခိုင်နယ်စပ်ရှိ ဘိန်းခင်းများ ဖျက်ဆီး

Bangladesh-Joint forces set fire to poppy plants
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နယ်စပ်အနီး ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် စိုက်ပျိုးထားသော ဘိန်းစိုက်ခင်း ၅၀ ကို ဘင်္ဂလာဒေခ်ျ့ ပူးပေါင်းတပ်ဖွဲ့ဝင်များက လွန်ခဲ့သော တနင်္ဂနွေက ဖျက်ဆီးပစ်ခဲ့သည်ဟု သတင်း ရရှိသည်။
ဘင်္ဂလာဒေခ်ျ့ စစ်တပ်၊ နယ်ခြားစောင့်တပ် ဘီဂျီဘီနှင့် ရဲတပ်ဖွဲ့တို့ ပူပေါင်းပြုလုပ်သော စစ်ဆင်ရေး တစ်ခုအတွင်း ထိုကဲ့သို့ ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နေ့စဉ်ထုတ် သတင်းစာများတွင် ယနေ့ ဖေါ်ပြသည်။
၎င်းဘိန်းခင်း ၅၀ မှာ အကျယ်အ၀န်း ၁၄ ဧကခန့်ရှိပြီး ဘင်္ဂလာဒေခ်ျ့ အခေါ် ဆင်ကူးရီဗာ၊ ရခိုင်ဒေသခံများ အခေါ် ရီကြိုင်ချောင်းဖျားတွင် တည်ရှိသော ရခိုင်ပြည်နယ်နှင့် ထိစပ်နယ်မြေများတွင် စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောကြားသည်။
ယခု ဖျက်ဆီးခံလိုက်ရသော ဘိန်းခင်းများမှာ မြန်မာဘက်က ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တော်မြို့နယ် အနောက်ပိုင်းနှင့် ကပ်ရပ် တည်ရှိသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ တန်းဆိပ်မြို့နယ် မော်တုတ်ကြီး တိုက်နယ် လိပ်ကြေး၊ ဘုလုပါရာနှင့် ပိုင်စီရီ အရပ်ဒေသတို့တွင် ဖြစ်ကြသည်ဟု ဒေသခံ ရခိုင်မျိုးနွယ်စုများက ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ စုပေါင်း တပ်ဖွဲ့မှ ပူပေါင်း ဘိန်းခင်းနှိမ်နှင်း စစ်ဆင်ရေးကို အလယ်ခွာတောင် တပ်နယ်မြေ တပ်မှူး ဗိုလ်မှူးကြီး Md. Alamgir Kabir မှ ဦးဆောင်ပြီး ဇန်န၀ါရီလ ၂၂ ရက်နေ့မှ စတင်ကာ ပြုလုပ်နေခြင်း ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့ထိ ပြုလုပ်သွားမည်ဟု သိရသည်။
မြန်မာ- ဘင်္ဂလာဒေခ်ျ့နှင့် အိန္ဒိယ နယ်စပ်တွင် နေထိုင်သော တောင်ပေါ်သားများအနေဖြင့် ဘိန်းများကို အဆိုပါ နယ်စပ်ဒေသများတွင် စိုက်ပျိုးလာသည်မှာ ၁၂ နှစ်ခန့်ရှိနေပြီ ဖြစ်ပြီး ဘိန်းမှ ၀င်ငွေ ကောင်းကောင်း ရရှိနေကြသဖြင့် ယခုလို စိုက်ပျိုးနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များမှ ယခု ဘိန်းစိုက်ပျိုးမူမှာ နယ်စပ်များကိုဖြတ်ကျော်ပြီး လုပ်ကိုင်နေသော ဘိန်းမှောင်ခိုသမားများနှင့် ဆက်စပ်မူ ရှိကြောင်း ထုတ်ဖေါ်ပြောကြားသော်လည်း ဒေသခံများကမူ ဒေသအတွင်း အသုံးပြုရန် အတွက် စိုက်ပျိုးကြခြင်း ဖြစ်သည်ဟု ဆိုသည်။
စုပေါင်းတပ်ဖွဲ့ဝင်များသည် ဘိန်းပင်များနှင့် ဘိန်းသီးများကို ခုတ်လှဲပစ်ပြီးနောက် စုပုံမီးရှို့ပစ်ခဲ့ကြသည်ဟု အာဏာပိုင်များက ပြောသည်။ ယခုအခါ ဘိန်းသီးမှ အစေ့ခြစ်ချိန်ဖြစ်သဖြင့် ဘိန်းမထုတ်မှီ ကြိုတင် နှိမ်နှင်းခြင်း ဖြစ်သည်။
၎င်းဘိန်းခင်များ ဖျက်ဆီးပွဲကို အခမ်းအနားဖြင့် ပြုလုပ်ရာ ၎င်းအခမ်းအနားသို့ စစ်တကောင်းတပ်မှူး ဗိုလ်မှူးချုပ် Sabbir Ahamed ၊ ရွာတော် (ဘင်ဒရိုဘင်ခရိုင်) ကောင်စီ ဥက္ကဌ ဦးကျော်ရွှေလှ အပါအ၀င် အစိုးရနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: