Tuesday, March 4, 2014

စစ်တပ်က လယ်ကို စွန့်သော်လဲ မူလပိုင်ရှင်လယ်သမားများ ပြန်မရ

kyauk-taw-villageရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကုန်းတန်းကြိမ်ချောင်းကျေးရွာ အုပ်စုတွင် စစ်တပ်က သိမ်းထားသော လယ်မြေဧက ၅၀ ကို တပ်မှ စွန့်လွှတ်လိုက်ဟု သတင်းရသော်လည်း မူလပိုင်ရှင် လယ်သမားများလယ်သမားများ အနေဖြင့် ၎င်းလယ်မြေများကို ပြန်မရရှိသေးဘဲ ဖြစ်နေကြောင်း လယ်ပိုင်ရှင်၏ သားဖြစ်သူ ကိုမျိုးနိုင်က နိရဉ္စရာသို့ ပြောသည်။
ကုန်တန်းကြိမ်ချောင်း ကွင်းအမှတ် ၅၁၉  (မြောင်းဝကွင်း) ရှိ လယ်မြေဧက (၅၀) ကို ကျောက်တော်အမှတ် ၅၃၉ ခြေမြန်တပ်ရင်းမှ ၂၀၀၀ ခုနှစ်က သိမ်းယူသွားပြီး ဒေသအတွင်းမှ ကျေးရွာ အာဏာရှိသူများနှင့် ပူးပေါင်းကာ ပုဇွန် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သူက ဆိုသည်။
၎င်းလယ်မြေများကို လယ်ယာမြေများနှင့် တစ်ခြားမြေများ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရခိုင်ပြည်နယ် တာဝန်ခံ ဦးစောရွှေ၊ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့မှလည်း လွန်ခဲ့သောနှစ်က လာရောက် စစ်ဆေးခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
၎င်းလယ်မြေများမှာ ခမရ ၅၃၉ မှ မိုင် (၃၀) အကွာတွင် တည်ရှိပြီး မည်သည့် အစိုးရပိုင် အဆောက်အဦးများကို တစ်စုံတစ်ရာ ဆောက်လုပ်ထားခြင်း မရှိဟု ဆိုသည်။
သို့အတွက် မူလပိုင်ရှင်လယ်သမားများမှ သက်ဆိုင်ရာ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမူ ကော်မီတီတွင်  ၎င်းလယ်မြေများကို တရားဝင် မှတ်ပုံတင်ခွင့် လျှောက်ထားရာငြင်းပယ်ခံခဲ့ရသည်ဟု သူက ဆက်ဆိုသည်။
“  ကျွန်တော်တို့က လယ်ယာမြေ ဥပဒေ လုပ်ထုံး လုပ်နည်းအညီ ဆောင်ရွက်နိုင်ဖို့ တရားဝင် လွဲပြောင်း ပေးစေလိုပါတယ်။ ကျွန်တော်တို့က တရားဝင် သားစဉ် မြေးဆက် လုပ်ကိုင်စားသောက်နိုင်ဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမူ ကော်မီတီမှာ တရားဝင် မှတ်ပုံတင်ခွင့် လျှောက်ပါတယ်။ အဲသလို လျှောက်တဲ့အခါ ကုန်းတန်းကြိမ်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်က လယ်မြေတွေကို စစ်တပ်က တရားဝင် လွဲပြောင်းတဲ့ စာ မရောက်သေးတဲ့ အတွက် လျှောက်ထားလို့ မရဘူးလို့ ဆိုပါတယ်” ဟု ပြောသည်။
၎င်း လယ်မြေဧက (၅၀) ကို ပုဏ္ဍားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာအုပ်စုမှ ဦးလယ်မောင်ဦး၊ ဦးဆတ်တောင်း၊ ဦးအင်္ဂါအောင်၊ ဦးစံထွန်းသိန်းနှင့် ဦးသာမောင်တို့က ပိုင်ဆိုင်သည်ဟု သိရသည်။
၎င်းလယ်မြေများကို စစ်တပ်က မလုပ်ကိုင်တော့ကြောင်း၊ သို့သော်လည်း ၎င်းလယ်မြေများကို ကုန်းတန်းကြိမ်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့မှ လုပ်ကိုင် စားသောက်နေကြောင်း သူက ဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ လယ်သမားများက ပုဏ္ဍားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးအား သွားရောက် မေးမြန်းရာ အထက်မှ တစ်စုံတစ်ရာ အကြောင်းကြားစာ မရောက်ရှိသေးကြောင်း ပြောကြားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: