Tuesday, March 4, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်၊ နန်းရာကိုင်းကျေးရွာသို့ ပြောင်းရွှေ့ခိုလှုံလာသော တိုင်းရင်းသားမျိုးနွယ်စုများ စားဝတ်နေရေးအခက်အခဲ ရင်ဆိုင်နေရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံလာသည့် တိုင်းရင်းသားများကို နန်းရာကိုင်းကျေးရွာတွင် မတ် ၁ ရက်က တွေ့ရစဉ်
 ရခိုင်ပြည်နယ် မောင်တောမြို့နယ် နန်းရာကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံလာကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်းဒေသနေ ရခိုင်တိုင်းသားမျိုးနွယ်စုများအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများရှိနေသည့်အပြင် အ၀တ်အထည်များလည်း လိုအပ်နေကြောင်း သိရသည်။

အဆိုပါ နန်းရာကိုင်းကျေးရွာသည် မောင်တောမြို့နယ် မြောက်ပိုင်းမြို့နှင့် မိုင်လေးဆယ်ခန့်အကွာတွင်ရှိပြီး မကြာခင်လပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်ခိုလှုံလာခဲ့သော အိမ်ထောင်စုတစ်ရာကျော်တို့မှာ နန်းရာကိုင်းရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျက်ရှိကြရကြောင်း သိရသည်။ အဆိုပါ ခိုလှုံလာသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းနေထိုင်စဉ် နိုင့်ထက်စီးနင်းပြုကျင့်ခံရခြင်း၊ အနှောင့်အယှက်ပြုခြင်းများ ခံရသောကြောင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်စားသောက်ရန် ခက်ခဲလာသဖြင့် မြန်မာနိုင်ငံအတွင်းသို့ ခှိုလှုံလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နန်းရာကိုင်းကျေးရွာသို့ သွားရောက်ခဲ့သူ ဦးထွန်းလှိုင်က "သူတို့ အခုဘုန်းတော်ကြီးကျောင်းဝင်းမှာ ခိုလှုံနေကြရတယ်။ စားဝတ်နေရေး လုံးဝအဆင်မပြေဘူး။ အိမ်ခြေတစ်ရာကျော်ရှိတယ်။ ဒါကြောင့် အကူအညီတွေ လိုအပ်နေတယ်။ အ၀တ်အထည်လည်း အများကြီးလိုအပ်တယ်။ ထွက်ပြေးလာခဲ့ကြတာဆိုတော့ ဘာမှပါမလာကြဘူး။ ဟိုမှာနည်းမျိုးစုံနဲ့ ပြဿနာရှာခံရလို့ ထွက်ပြေးလာတာလို့ပြောတယ်။
အခုရောက်လာတဲ့လူတွေထဲမှာ မြိုလူမျိုး၊ ရခိုင်လူမျိုးတွေပါတယ်။ ဒိုင်းနက်တွေလည်းပါတယ်" ဟု ပြောကြားသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ခိုလှုံလာသော အိမ်ထောင်စုပေါင်း ထောင်ကျော်နေပြီဖြစ်ကြောင်းနှင့် တချို့ကို နေအိမ်များလွတ်နေသော နတလကျေးရွာများတွင် နေရာချထားမှုများ ရှိသော်လည်း တချို့မှာ နေရာအတည်တကျမရရှိဘဲ အဆင်ပြေသော နေရာများ၌သာ နေထိုင်နေကြရဆဲဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်တန်းဒေသတွင် နေထိုင်လုပ်ကိုင်စားသောက်နေကြသော တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် နိုင်ငံ၏နိုင်ငံရေး မတည်မငြိမ်မှုများ၊ လုပ်ကိုင်စားသောက်နေသော တောင်ယာနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိတော့သည့်အတွက် နေရပ်စွန့်ခွါကာ ယခုကဲ့သို့ ထွက်ပြေးလာခြင်းဖြစ်သည်ဟုလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: