Friday, July 4, 2014

မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်တွင် မိမိပိုင်မြေကို လုပ်သေနတ် တစ်လက်ဖြင့် တစ်ဦးတည်း ကာကွယ်သူ ဖမ်းဆီးထောင်ချခံရ

Maung-Daw
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တော မြို့နယ်တွင် မိမိဘိုးဘွားပိုင် လယ်မြေကို လုပ်သေနတ် (တူးမီး) သေနတ်တစ်လက်ဖြင့် ကာကွယ်စောင့်ရှောက်နေသူ တစ်ဦးကို ရဲက ဖမ်းဆီးပြီး မောင်တောမြို့နယ် တရားရုံးမှ ဇွန်လ ၂၆ ရက်နေ့က ထောင် (၁) နှစ် ချမှတ်လိုက်သည်ဟု သိရသည်။
ထောင်ချခံရသူမှာ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်  မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲ၊ သဲချောင်းအုပ်စု၊ ကျွန်းတောင်ရွာဟောင်းနေ ဦးသန်းထိုက် (ဘ) ရဲတပ်ကြပ်ကြီး ဦးအေးထွန်း ဖြစ်ကြောင်း သိရသည်။
ဦးသန်းထိုက်သည် ကျွန်းတွင်ရွာဟောင်းတွင်  တစ်လုံးတည်းကျန်ရှိနေသာ ၎င်း၏ နေအိမ်တွင် တစ်ဦးတည်း နေထိုင်ကာ သူ၏ မိဘဘိုးဘွားပိုင်မြေကို လုပ်သေနတ် (တူးမီး) တစ်လက်ဖြင့် ကာကွယ်နေသူ ဖြစ်သည်ဟု ဒေသခံ ဆရာတော်များနှင့် ရခိုင်တိုင်းရင်းသားများက ပြောဆိုသည်။
ထိုသို့ ကာကွယ်နေစဉ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တောင်ပြိုမြို့နယ်ခွဲ ရဲစခန်းတွင် တာဝန်ကျနေသူ ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေ (ကိုယ်ပိုင်အမှတ်-  လ ၂၀၈၆၁၂) မှ ၎င်းရွာသို့ သွားရောက်ပြီး ဦးသန်းထိုက်အား ဖမ်းဆီးခဲ့ကာ တရားမ၀င် သေနတ်ကိုင်ဆောင်မူဖြင့် တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။
ကိုသန်းထိုက်အား ယခုနှစ် ဇွန်လ  ၂၆ ရက်နေ့က မောင်တောမြို့နယ် တရားရုံးမှ ၎င်းအမူဖြင့် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်သည်ဟု သူ၏ ညီမဖြစ်သူက ပြောသည်။
“ ဒီိလိုလုပ်တာက လုံးဝ မတရားဘူးလို့ ခံစားမိပါတယ်။ သူတို့လည်း ကာကွယ်ပေးနိုင်တာမဟုတ်ဘူး။ ကိုယ်လယ်မြေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်နေတာကို ခုလို ဖမ်းဆီးထောင်ချတယ်ဆိုတာ လုံးဝ မတရားဘူးလို့ မြင်ပါတယ်။ ကျွန်မတို့ကလည်း အယူခံ ဒီနေ့ဝင်သွားဖို့ စီစဉ်ထားပါတယ်” ဟု ကိုသန်းထိုက်၏ ညီမဖြစ်သူက ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် ကပ်ရပ်တည်ရှိသော ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တည်ရှိသော ရခိုင်တိုင်းရင်းသား ကျေးရွာများမှာ လုံခြုံမူအားနည်းနေသဖြင့် အချို့ကျေးရွာများမှာ ပြိုပျက်လုနီးပါးရှိနေသော်လည်း ဒေသခံများက မျိုးချစ်စိတ်ဓါတ် အပြည့်ဖြင့် နည်းလမ်းမျိုးစုံကို အသုံးချပြီး ကာကွယ်နေကြသည်ဟု သိရသည်။
“ ဥပဒေကိုတော့ လေးစားပါတယ်။ ဒါပေမယ့် ဒီလို နေရာမျိုးမှာ ဥပဒေနဲ့ မညီပေမယ့် နားလည်မူနဲ့ ခွင့်ပြုထားရမယ့် အနေအထားမျိုးလို့ မြင်ပါတယ်။ ဒါကို ဖမ်းဆီးထောင်ချတယ်ဆိုတာကတော့ အာဏာပိုင်တွေဘက်က အမျိုးသားရေး အမြင် သိပ်အားနည်တယ်လို့မြင်ပါတယ်”ဟု တောင်ပြိုဒေသမှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။
ယခုကိုသန်းထိုက်အား ဖမ်းဆီး တရားစွဲဆိုခဲ့သော ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေသည် လွန်ခဲ့သော ဇွန်လ ၁၆ ရက်နေ့ကလည်း ရေနစ်သေဆုံးသွားသူ တစ်ဦး၏ အမူတွင် သက်သေအဖြစ် ထွက်ဆိုမည့် မောင်တောမြို့နယ် နံသာတောင်ကျေးရွာနေ ဦးလှသိန်း (၅၃) နှစ်အား တောင်ပြိုမှ မောင်တော တရားရုံးသို့ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ခေါ်ယူသွားစဉ် လမ်းခရီးတွင် လက်သီးနှင့်ပစ်ထိုးပြီး မောင်တောမြို့ ယူနိုက်တက် တည်းခိုခန်းတွင် လည်ပင်းကို ခြေထောက်နှင့် ဖိပြီး သေနတ်နှင့် ပစ်သတ်ရန် ခြိမ်းခြောက်မူဖြင့် စွပ်စွဲခံထားရသူ တစ်ဦးဖြစ်ကာ မောင်တောမြို့နယ် တရားရုံးမှ ခေါ်ယူစစ်ဆေးခံနေသည်ဟု သိရသည်။
၎င်းဖြစ်စဉ်တွင် ဦးလှသိန်းတွင် ဘယ်ဘက်အောက်မျက်ခမ်းတွင် ဒဏ်ရာရသွားသဖြင့် မောင်တောမြို့ ဆေးရုံတွင် သုံးချက် ချုပ်ခဲ့ရပြီး ၄င်းအမူနှင့် ဆက်စပ်ပြီး ဦးအောင်မိုးဇော် ( ယူနိုက်တက် တည်းခိုခန်း မန်နေဂျာ)၊ ရဲအုပ်စောကျော်ဦး၊ တောင်ပြိုရဲစခန်းနေ သူရိန်ထိုက် (၃၀နှစ်)၊ တောင်ပြိုရဲစခန်းမှ ရဲတပ်သား ထွန်းထွန်းဦးတို့ကို တောင်ပြို ရဲမှူး ဦးဌေးလွှင်မှ ခေါ်ယူ စစ်ဆေးခဲ့သည်ဟုလည်း သိရသည်။
ယင်းအမူနှင့် ပတ်သက်ပြီး ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေမှ ဦးလှသိန်းမှာ အရက်မူး၍ ဆိုင်ကယ်ပေါ်မှ လိမ့်ကျ ဒဏ်ရာရရှိခဲ့ခြင်းသာ ဖြစ်ပြီး စွပ်စွဲမူမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်ဟုလည်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: