ရခိုင်သမိုင်းကျောက်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၂၉ ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားအား အဆိုပါနေ့ နေ့လည် (၁၂) နာရီ အချိန်တွင် ဂြစ်ဘက်ကျောင်းရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ရာ သာကီမဏ္ဍိုင် စာပီဝိုင်း အဖွဲ့ ဝင်များဖြစ်သည့် ဦးမောင်သိန်းထွန်း ၊ ဦးသိန်းလွင် ၊ ဦးအောင်လှသိန်းနှင့် ဦးကျော်ဇံမောင်တို့ အပါအ၀င် ရခိုင်သမိုင်းကို စိတ်ဝင်စားသူ လူပေါင်း(၄၀) နီးပါး တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် သာကီမဏ္ဍိုင် သဘာပတိ နာယက ဦးမောင်သိန်းထွန်းက အဖွင့်မှာစကား ယခုကဲ့သို့ ပြောကြားသည်။
“ ကျွန်တော်တို့ ရဲ့ အခုအစီအစဉ်ဟာ သာကီမဏ္ဍိုင်စာပီဝိုင်း ခြေလှမ်းဟာ တတိယ အကြိမ်မြောက် ခြေလှမ်းဖြစ်ပါတယ်။ ပထမဦးဆုံး အကြိမ်နဲ့ ဒုတိယအကြိမ် ကျနော်တို့ ရှေးဟောင်း သမိုင်းဝင်ဘုရားများနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခု တစ်ကြိမ်မှာတော့ ရခိုင်သမိုင်း သုတေသီ ဆရာဦးအောင်လှသိန်းနဲ့ ဆရာ ဦးကျော်ဇံမောင်တို့  ဦးစီးပြီး ရခိုင်သမိုင်း နဲ့ ရခိုင်ကျောက်စာသင်တန်းကို ရခိုင်လူငယ်လေးတွေကို သမိုင်း လက်ဆင့်ကမ်း အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းပြင် ဦးမောင်သိန်းထွန်းက ကိုယ့်သမိုင်းကို မသိရင် စကားမပြောတတ်သော လူနှင့် တူသည်ဟု ဆိုသည်။
“ လူရယ်လို့ ဖြစ်လာရင် ကိုယ့်သမိုင်းကို ကိုယ်သိရမယ်။ ကိုသမိုင်းကို ကိုယ်မသိရင် စကားမပြောတတ်တဲ့ ‘အ’ နေတဲ့ သူနဲ့ တူတယ်။ ဒီအတွက်ကြောင့် ရခိုင် သမိုင်း ပညာရှင်တွေပြောသလို့ ရခိုင်သမိုင်းကို ရခိုင်သူ ရခိုင်သားတိုင်း သိဖို့  လို့ အပ်ပါတယ်။ ကျောက်စာပညာနဲ့ ရခိုင်မျိုးရဲ့သမိုင်းကိုလည်း သိထားဖို့ လို့ အပ်ပါတယ်” ဟု ဆိုသည်။
ယင်းပြင် ဦးမောင်သိန်းထွန်းက “ လက်တွဲပြီးတော့ အကြံကောင်း ဥာဏ်ကောင်းများ ပေးကြပါ၊ လူဆိုတာ အားနည်းချက်အားသာချက်ဆိုတာရှိကြပါတယ်၊ လိုအပ်ချက်တွေက ရှိစမြဲပါ၊ မပြည့်စုံတာကို ပြည့်စုံအောင်ဖြည့်စွက်ပေးကြပါလို့ ပြောကြားချင်ပါတယ် “ ဟု ပြောကြားခဲ့သည်။
အဆိုပါ ရခိုင်သမိုင်း ကျောက်စာ သင်တန်းကို တစ်ပတ်တွင်
လေးရက်စီ သင်ကြားပေးသွားမည့် ဖြစ်ကြောင်း သင်တန်းသူ တစ်ဦးမှ နိရဉ္စရာသို့ 
ပြော ကြားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment