Wednesday, July 9, 2014

ပေါက်တောမြို့တွင် တက္ကသိုလ်ဝင်တန်းအထောက်အကူပြုပညာဒါနကျောင်းဖွင့်

Pauktaw-walfare-school
ကျောင်းဖွင့်ပွဲ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ပေါက်တောမြို့တွင် ဆင်းရဲ နွမ်းပါးသူ ကျောင်းသား ကျောင်းသူများ အတွက် ရည်ရွယ်ပြီး ရိုးမရောင်ခြည် တက္ကသိုလ်ဝင်တန်း အထောက်အကူပြု ပညာဒါန စာသင်ကျောင်းကို ဇူလိုင်လ ၆ ရက် နေ့လည်က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။
ရိုးမရောင်ခြည် ပညာဒါနကျောင်းကို ပေါက်တောမြို့ စန္ဒရာမပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးစန္ဒသီရိမှ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်သည်။ ယင်းကျောင်းဖွင့်ပွဲအခမ်းအနားကို ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်းအနီးရှိ တစည ပါတီ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောင်းဖွင့်ပွဲအခမ်းအနားသို့ ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး၊ မြို့အထောက်အကူပြုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ အပါအဝင် စုစုပေါင်းလူ (၄၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမဲ့ စာသင်ကျောင်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဆရာတော်ဦးစန္ဒသီရိမှ နိရဉ္စရာသို့ ယခုလို မိန့်ကြားသည်။
“ဦးဇင်းတို့ ရခိုင်ပြည်ဟာ ဆင်းရဲနွမ်းပါးမှုတွေနဲ့အတူ ဒီနှစ်မှာဆိုရင် အောင်ချက်ရာခိုင်နှုန်းလည်း တဟုန်ထိုး နိမ့်ကျ သွားခဲ့တာတွေ့ရတယ်။ ဒါကြောင့် ဆင်ရဲနွမ်းပါပြီး အခြေအနေရပ်ရပ်ကြောင့် တက္ကသိုလ်ဝင်တန်းပညာရေးကို သင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကလေးတွေအတွက် ပညာဆက်သင်ခွင့်ရအောင်ရည်ရွယ်ပြီး ဆောင်ရွက်ပေးရတာပါ၊ ခုတော့ လျှောက်လွှာလာတင်တဲ့ ကျောင်းသား (၂၀)တောင်ရှိပြီ” ဟု မိန့်ကြားသည်။
ဆင်းရဲ နွမ်းပါး၍ စာဆက်သင်ရန် အခက်အခဲဖြစ်နေသော ကျောင်းသားကျောင်းသူများအတွက် အထောက်အကူ ပြုသော ကျောင်းဖြစ်ကြောင်း ဆရာဦးရွှေမြင့်ကလည်း ယခုလို ပြောသည်။
“ပညာကို အမှန်တကယ်လိုလားတဲ့ ကလေးတွေပါလာတယ်ဆိုရင်တော့ တကယ်ကို အားတက်စရာ ကောင်းမှာပါ။ ပညာသင်ချင်ပေမယ့်လည်း အခက်အခဲတွေကြောင့် စာသင်ဖို့ခက်ခဲတဲ့ ကျောင်းသားတွေ အတွက် လမ်းဖွင့်ပေးတဲ့ကျောင်းပါ”ဟု ဆိုသည်။
ကျောင်းသားကျောင်းသူများကို ဆရာ(၉)ဦးဖြင့် တစ်နေ့(၅)ချိန်စီ ဘာသာရပ်အလိုက် သင်ကြား ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်တောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယခင်နှစ် (၂၀၁၂-၂၀၁၃) က အောင်ချက် ရာခိုင်နုန်း  (၄၈.၆) ရှိခဲ့ပြီး  ယခုနှစ် (၂၀၁၃-၂၀၁၄) ပညာသင်နှစ်တွင် အောင်ချက်ရာခိုင်နုန်း (၂၅) သို့ ထက်ဝက်နီးပါးခန့် ကျဆင်း သွားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: