Wednesday, July 9, 2014

စစ်တွေ ဆတ်ရိုးကျ အမက (က)တွင်လည်း ကျောင်းသား ၃၂၃ ဦး အတွက်ဆရာ ဆရာမ ၄ ဦးနှင့် ကျောင်းဆောင် တစ်ခုသာရှိ

Primary-school Arakan state
ဆတ်ရိုးကျမှ အစိုးရ မူလတန်းကျောင်း (က) ကျောင်းဆောင် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၏ ရပ်ကွက် တစ်ခု ဖြစ်သော အလုပ်သမားများ အများစု နေထိုင်ရာ ဆတ်ရိုးကျ ရပ်ကွက် အမက (က) ကျောင်းတွင်လည်း ကျောင်းသား ကျောင်းသူ ၃၂၃ ဦးအတွက် ကျောင်းအုပ် ဆရာကြီး အပါအ၀င် ကျောင်းဆရာ ဆရာမ ၄ ဦးနှင့် ကျောင်းဆောင်ငယ် တစ်ခုသာ ရှိကြောင်း သတင်း ရရှိသည်။
သို့အတွက် နိရဉ္စရာ သတင်းဌာနမှ ၎င်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာကြီးအား တွေ့ဆုံမေးမြန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမောင်သာဆွေ မှ ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၂၃ ဦးရှိပါတယ်။ ကျွန်တော် အပါအ၀င် ဆရာ ဆရာမ ၄ ဦးဘဲ ရှိပါတယ်။ ကျောင်းဆရာ တစ်ဦး ကလေး ၁၀၀ ယောက်နုန်းနဲ့ စာပြနေရပါတယ်” ဟု သူက ဆိုသည်။
Primary-School-student-Arakan
ဆတ်ရိုးကျ (က) ကျောင်းမှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)
ယင်းသို့ ကျောင်းသား ကျောင်းသူ ၃၂၃ ဦးအတွက် အလျား ၆၀ ပေ၊ အနံ ၂၅ ပေရှိသော ကျောင်းဆောင် တစ်ခုသာ ရှိပြီး ကလေးငယ်များအတွက် စာရေးခုံများလည်း တစ်ခုံမှ မရှိကြောင်း သူက ဆက်ပြောသည်။
“ အဆောင်ကသေးတော့ ကျောင်းသားတွေ ကျပ်နေတယ်။ စာရေးခုံတွေလည်း မရှိဘူး။ ဒါကြောင့် ကျောင်းဆောင်နဲ့ ဆရာ ဆရာမ ပိုလိုအပ်နေပါတယ်” ဟု ဆိုသည်။
ယင်းဆရာကြီး ဦးမောင်သာဆွေမှ ကျောင်းသားများ ပညာသင်ကြားရန် ကျောင်းဆောင် မလုံလောက်၍ အခက်အခဲ ဖြစ်နေသဖြင့် အထက်သို့ တင်ပြရာ ယင်းအမက (က) အတွက် ကျောင်းဆောင် တစ်ခု ဦးစားပေးချပေးမည်ဟု အထက်လူကြီးများက ပြောဆိုသည်ဟု ဆိုသည်။
“ ကျောင်းဆောင် ဆောက်မှဘဲ ရတယ်လို့ ကျနော်တို့က ပြောနိုင်မယ်။ အထက်ကတော့ ခဏခဏ ဒီလို ပေးမယ်။ ပေးမယ် ပြောနေတာပါဘဲ။ လက်တွေ့မှာတော့ ဖြစ်မလာဘူး” ဟု ရွာသား တစ်ဦးက ဆိုသည်။
primary student Arakan state
ဆတ်ရိုးကျ ရပ်ကွက်သည် စစ်တွေမြို့ ဧရိယာတွင် ပါဝင်သော ရပ်ကွက် တစ်ခု ဖြစ်ပြီး ဆင်းရဲသား အများစုနှင့် လက်လုပ်လက်စားများ အပါအ၀င် နေ့စား အလုပ်သမား အများစု နေထိုင်သော ရပ်ကွက် တစ်ခု ဖြစ်သည်။
၎င်းဆတ်ရိုးကျ ရပ်ကွက်တွင် ဆတ်ရိုးကျ အမက (က) နှင့် ဆတ်ရိုးကျ (ခ) မူလွန်ကျောင်း အမည်ဖြင့် အစိုးရ ကျောင်း (၂) ကျောင်းရှိပြီး ကျောင်း (၂) ခုစလုံးတွင် ကျောင်းဆောင်များ မလုံလောက်မူ၊ ဆရာ ဆရာမ မလုံလောက်မူ၊ စာရေးခုံများမလုံလောက်မူ တို့နှင့် ရင်ဆိုင်နေကြရသည်။
ယခုကဲ့သို့ မလုံလောက်မူ များစွာနှင့် ကြုံတွေ့နေရခြင်းမှာ လက်လုပ် လက်စားများ နေထိုင်သော ဆင်းရဲသား ရပ်ကွက်ဖြစ်သဖြင့် အထက်အာဏာပိုင်များက ပစ်ပယ်ထား၍ ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: