Wednesday, July 9, 2014

မင်းပြား ချောင်းရှည်တာတမံ ကျပ် ၁၀၁ သန်းဖိုးဖြင့် တည်ဆောက်သော်လည်း လယ်စိုက်ပျိုး၍မရ ဖြစ်နေဟုဆို

Arakanese village in rainy season
မိုးရာသီ ရခိုင်မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချောင်းရှည်တာတမံကို နိုင်ငံတော်မှ ကျပ်သန်းပေါင်း ၁၀၁ ဒသမ ၄၆ သန်းဖြင့် ဆည်ဖို့တည်ဆောက်ထားသော်လည်း လယ်သမားအများစု စပါးစိုက်ပျိုး၍ မရဘဲ ဖြစ်နေကြောင်း ဒေသခံ လယ်သမားများက ပြောဆိုသည်။
“ ဒီကွင်းကို ရွှေဘုံသာကွင်းလို့ ခေါ်ပါတယ်။ အခု ဖြစ်တာက ပုဇွန်မွေးသူတွေက တာတမံက ရေတံခါးတွေက ရေတွေကို မလွှတ်ဘဲ ပိတ်ဆို့ထားတဲ့ အတွက် လယ်ကွင်းတွေကို ရေတွေ ဖုံးလွှမ်းနေတဲ့ လယ်တွေ စိုက်ပျိုး ထွန်ယက်လို့ မရ ဖြစ်နေပါတယ်” ဟု လယ်သမား တစ်ဦးက ဆိုသည်။
ထိုသို့ လယ်ထွန်ယက် မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေသော လယ်မြေဧကမှာ (၂၀၀) ခန့် ရှိပြီး အများစု စိုက်ပျိုး၍ မရသော လယ်မြေများမှာ ရွှေဘုံသာ ကွင်းအလယ်တွင် တည်ရှိသည်ဟု ဆိုသည်။
“ တာတမံ အနီးအနားက လူတွေက ဆည်မြောင်းဦးစီးဌာနက လူအချို့နဲ့ နားလည်မူယူပြီး ပုဇွန်မွေးနေကြတော့ ရေတွေက အတက်အကျ မရှိတော့ဘဲ ကွင်းတစ်ခုလုံးကို ပြည့်နေပါတယ်။ ရေက လယ်ထွန်လို့ မရအောင် ပြည့်နေတဲ့ အတွက် င်္ဒီကနေ့ လယ်ထွန်လို့ မရသေးဘူး” ဟု ဆိုသည်။
ထိုသို့ အခက်အခဲများကြောင်း တာတမံတွင် တည်ဆောက်ထားသော ရေတံခါးများမှ ရေများကို ထိန်းသိမ်းမထားဘဲ လွှတ်ထုတ်ပေးရန် လယ်သမားများက ဆည်မြောင်းဦးစီးဌာနသို့ သွားရောက် တောင်းဆိုရာ စာနှင့်ရေးပြီး တရားဝင် တင်ပြရန် ပြောဆိုသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ စာနဲ့ ရေးပြီးတောင်းဆိုရင် တစ်ခုခု လုပ်မှာကို စိုးရိမ်တဲ့ အတွက် မတင်ပြရဲဘူး။ ခုလို တင်ပြရင် ပုဇွန်မွေးနေတဲ့လူတွေနဲ့လည်း ထိပ်တိုက် ဖြစ်လာနိုင်တဲ့ အတွက် လယ်သမားတွေကို ပြသနာ ဖြစ်မှာကို စိုးရိမ်ပြီး စာနဲ့ ရေးမတင်ပြကြဘူး” ဟု နောက်ထပ် လယ်သမား တစ်ဦးက ဆိုသည်။
သို့အတွက် အထက်လူကြီးများ အနေဖြင့် ချောင်းရှည် ကျေးရွာ အုပ်စုရှိ ရွှေဘုံသာကွင်းတွင် မည်သို့ ဖြစ်နေသည်ကို လာရောက်စစ်ဆေးစေလိုသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။
ချောင်းရှည်အုပ်စုတွင် တည်ရှိသော ရွှေဘုံသာကွင်း တာတမံကို မြန်မာ သက္ကရာဇ် ၁၃၁၇ ခုနှစ်တွင် စတင်တည်ဆောက်ကြောင်း၊ တာတမံကျိုးပေါက်သွားသဖြင့် နောက်ပိုင်း ဒေသခံများက တပိုင်တနိုင် ပုဖွန်၊ ငါး မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြကြောင်း၊ ယင်းနောက်ပိုင်းတွင် စပါးပြန်လည် စိုက်ပျိုးနိုင်ရန် အတွက် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ ကျပ်သန်းပေါင်း ၁၀၁. ၄၆ သန်း အကုန်အကျခံ ပြန်လည် တည်ဆောက်ပေးခဲ့ကြောင်း လယ်သမားများက ပြောသည်။
ယခု တည်ဆောက်ထားသော တာတမံမှာ ခြေရင်းအကျယ်မှာ သတ်မှတ်ချက်အရ ၂၄ ပေ ရှိရမည်ဖြစ်သော်လည်း ၁၇ ပေသာရှိကြောင်း၊ အမြင့် ၆ ပေရှိရမည့် နေရာတွင် ၄ပေသာရှိကြောင်း၊ ထိပ်ဝ အကျယ်မှာ ၆ ပေ ရှိရမည်ဟု သတ်မှတ်ထားသော် လည်း ၅ ပေခန့်သာ အကျယ်ရှိသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: