Monday, July 14, 2014

ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ဂီတဖျော်ဖြေပွဲ ရန်ကုန်တွင် ကျင်းပမည်

music show arakan aid
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်ဒေသရှိ ရခိုင်တိုင်းရင်းသားများအား ကူညီစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး အမည်ဖြင့် ဂီတဖျော်ဖြေပွဲ တစ်ခုကို လာမည့် ဇူလိုင်(၂၇)ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲကို မြန်မာတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်းမှ ဦးဆောင်ကာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖျော်ဖြေပွဲတွင် Lazy Club တီးဝိုင်းနှင့်အတူ နာမည်ကျော်အနုပညာရှင်များဖြစ်ကြသည့် နေတိုး ၊ဖိုးကာ၊ ဟဲလေး၊ဖြိုးကြီး၊ အောင်လ၊ ဥာဏ်လင်းအောင်၊ ဇင်မင်းထက်၊ ရိုတ၊ ချောစုခင်၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ ငယ်ငယ်၊ မေစပါယ်ညို၊ ဂျင်းနီ၊ N ကိုင်ရာ၊ ဆုပန်ထွာ၊ နေနေ နှင့် ချစ်စနိုးဦးတို့က သီဆိုဖျော်ဖြေကြမည်ဟု သိရသည်။
စီစဉ်တင်ဆက်သူများအဖြစ် နန်းခင်ဇေယျာ၊ ခင်လှိုင်နှင့် ဒိန်းဒေါင်တို့ ပါဝင်ကြမည်ဟု ဆိုသည်။
ယင်းဂီတဖျော်ပွဲပြုလုပ်ရန်စီစဉ်ရသည့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်းမှ ကိုသန့်ဇင်က နိရဉ္စရာသို့  ယခုလိုပြောသည်။
“ကျွန်တော်တို့ မောင်တော အလယ်သံကျော်ဘက်က ရခိုင်လူမျိုးတွေကို အဝတ်အစားတွေသွားလှူတဲ့အခါ အဲ့ဒီက တိုင်းရင်းသားတွေ အရမ်း ဒုက္ခရောက်နေပါတယ်။ အဲဒါကိုလူတွေကို သိစေချင်တယ်။ နောက်ပြီး သူတို့တွေအတွက် ရေရှည်အထောက်အပံ့ ဖြစ်နိုင်အောင် ဆိုပြီး လုပ်မှာပါ။ သူတို့ လယ်ထွန်လို့ရအောင် နွားတွေပို့ဖို့ စီစဉ်နေတယ်။ နောက်ပြီး ကြက်မွေးမြူရေးခြံတို့၊ ဝက်မွေးမြူရေးခြံတို့ ဖန်တီး ပေးချင်တယ်။ အဲသလို ရည်ရွယ်ချက်တွေနဲ့ ဒီပွဲလေးကို လုပ်ဖို့ စီစဉ်နေတာပါ” ဟု ပြောသည်။
ဂီတဖျော်ဖြေပွဲမှ ရရှိလာသော အလှူငွေများဖြင့် မောင်တောနယ်စပ်ရှိ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုများအား ထောက်ပံ့ကူညီမှုများ ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
“ကျွန်တော်တို့က ပထမဆုံးအသုတ်အနေနဲ့ မောင်တောဒေသမှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရခိုင်မျိုးနွယ်စုတွေကို ကူညီသွားမယ်။ သူတို့ကို အစိုးရကလည်း ပြည့်ပြည့်ဝဝ ထောက်ပံ့မှု မလုပ်နိုင်ဘူး။ NGO နဲ့  INGOs တွေကလည်း အိမ်ခြေ (၅၀) လောက်မှ ရွာတစ်ရွာအဖြစ်သတ်မှတ်ပြီး ထောက်ပံ့မှုတွေ လုပ်တာ။ ဒါကြောင့် တိုင်းရင်းသားတွေက နှစ်ဘက်ကြားညှပ်ပြီး ဒုက္ခရောက်နေတယ်။ ဘာအထောက်အပံ့မှ မရဘဲ ဘဝရပ်တည်ဖို့က အရမ်းခက်ခဲနေတယ်။ နောက်ပြီး သူတို့ကို ဘင်္ဂါလီတွေကလည်း အမျိုးမျိုး ဒုက္ခပေးနေတာဆိုတော့ သူတို့တွေအတွက် မလုံခြုံဘူး ဖြစ်နေတယ်” ဟုပြောသည်။
အဆိုပါ ပွဲဖြစ်မြောက်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း ပံ့ပိုးကူညီမှုများ ဆောင်ရွက်လျှက်ရှိကြောင်း စီစဉ်သူများက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: