Friday, July 4, 2014

ရခိုင်ပြည်နယ် တည်ငြိမ်ရေး ပူးပေါင်းပါဝင်ဖို့ ဝန်ကြီးချုပ်သစ် ပြောကြား

maungmaungoh-rakhine-pm-305
ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်အသစ် ဗိုလ်ချုပ်မောင်မောင်အုန်း မိန့်ခွန်းပြောကြားစဉ်
Photo: Min Thine Aung / RFA
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင် တိုင်းရင်းသားအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်သွားဖို့ အရေးကြီးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒီနေ့ စတင်တာဝန်ယူလိုက်တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်းက ဒီနေ့ ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အရေးပေါ် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပထမ ဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းက ထည့်သွင်းပြောခဲ့တာဖြစ် ပါတယ်။
"ရခိုင်ပြည်နယ်ဟာ စီးပွားရေး တိုးတက်ဖို့ရာ အလားအလာအကောင်းဆုံး ပြည်နယ်ဆိုတာကို သိရပါတယ်၊ ပြီးတော့ ရခိုင်ပြည်နယ်ကြီးမှာ ဒီလောက် အလားအလာ ကောင်းပေသော်ငြား လည်း တည်ငြိမ်မှုမရှိဘူးဆိုရင်တော့ ယနေ့တာ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဒုတိယ အနိမ့်ကျ ဆုံး ပြည်နယ်အဖြစ် မျက်ဝါးထင်ထင်တွေ့ရမှာ ဖြစ်ပါတယ်၊ ပြီးတော့ ကျနော်တို့ နယ်မြေဒေသ တည်ငြိမ်မှု ဆိုတာသည် ရခိုင်တိုင်းရင်းသားများ အပါအဝင် အားလုံးပူးပေါင်းဆောင်ရွက်ရမဲ့ ကိစ္စဖြစ်တယ်လို့ ကျနော့် အနေနဲ့ ပြောကြားလိုပါတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ် မောင်မောင်အုန်းကို အတည်ပြုခဲ့ပြီး ဒီကနေ့ ကျမ်းသစ္စာဆိုခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လုံခြုံရေး၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေကို အကောင် အထည်ဖော်ရေးနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေကို ကျန်သေးတဲ့အစိုးရသက်တမ်း တစ်နှစ်ခွဲကျော်ကာလ မှာ ဖြေရှင်းဆောင်ရွက် သွားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေအတွက် ပြည်ထောင်စုအစိုးရက ကျပ်ငွေ ၁၅ ဘီလီယံ ချပေး ထားကြောင်းလည်း သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

No comments: