Wednesday, July 9, 2014

မာန်အောင်မူးယစ်ဆေးဝါးအမှုနှင့် ဆက်စပ်၍ တောင်ကုတ်တွင် သားအမိနှစ်ဦးအား ထပ်မံဖမ်းဆီး

Taungup
လွန်ခဲ့သော ရက်ပိုင်းက မာန်အောင်မြို့တွင် ဖမ်းဆီးရရှိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေသည်ဟု ဆိုကာ တောင်ကုတ်ရှိ အိမ်တစ်အိမ်အားရဲက ဝင်ရောက်ရှာဖွေစဉ် WY အမှတ်တံဆိပ်ဆေးပြားများတွေ့ရ၍ သားအမိ(၂)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ ဖမ်းဆီးခံခဲ့ရသူများမှာ တောင်ကုတ်မြို့၊ဂူတာရပ်ကွက်၊ဂါတ်နောက်လမ်း အိမ်အမှတ် (၁၂၁) တွင်နေထိုင်သူ ဒေါ်ခင်စန်းရီ(၅၅)နှစ် နှင့် သားဖြစ်သူ အောင်ချစ်စန်း(ခ)သားကြီး (၂၉)နှစ်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်အား ရဲက ဝင်ရောက်ရှာဖွေစဉ် WY အမှတ်တံဆိပ်ပါ ဆေးပြား (၃)ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း တောင်ကုတ်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“အိပ်ခန်းထဲက ထုတ်တန်းပေါ်မှာ ပရီးမီးယားအမှတ်တံဆိပ်စီးကရက်ဘူးထဲမှာ ပလတ်စတစ် အိတ်အနက်နဲ့ ထုတ်ထားတဲ့ ဆေးပြား(၃)ပြားကို ဖမ်းမိခဲ့ပါတယ်”ဟု ပြောသည်။
လွန်ခဲ့သော ဇူလှိုင်လ(၁)ရက်နေ့က မာန်အောင်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုနှင့်  ဆက်စပ်နေသည်ဟု ဆိုကာ ဝင်ရောက်ရှာဖွေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ဆိုသည်။
“တစ်နေ့က မာန်အောင်ရဲစခန်းက ဖွင့်ထားတဲ့ မူးယစ်ဆေးအမှုနဲ့ ဆက်စပ်နေသူတွေပေါ့၊မာန်အောင်မှာ အဖမ်းခံရတဲ့ သူတွေက သူ့တို့သားအမိဆီမှာ ဆေးတွေဝယ်ရတယ်ဆိုပြီး စစ်ဆေးသိရှိရတဲ့အတွက် အဲ့ဒီအိမ်ကိုဝင်ရှာတဲ့အခါမှာ ဖမ်းမိပါတယ်” ဟု သူကဆိုသည်။
ယခုအခါ ဖမ်းဆီးရမိသူများကို တောင်ကုတ်ရဲစခန်းတွင် ပုဒ်မ ၁၅/၁၆-ဂ/၂၁ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်မာန်အောင်မြို့တွင်လွန်ခဲ့သောဇူလှိုင်လ(၁)ရက်နေ့ယာဘားဆေး(၄၈)ပြား၊ငွေကျပ် (၄၂) သိန်းနှင့် အတူ လူ(၄)ဦးကို ရဲစခန်းက ထိမ်းသိန်းခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: