Friday, August 15, 2014

သံတွဲတွင်ရေကြီး၍ ကျောင်းတွေပိတ်၊ မိသားစု ၂၀ ခန့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း

Than-dwe-flood
သံတွဲတွင် ယနေ့ သြဂုတ် ၆ ရက်နေ့ ရေကြီးနေစဉ်( ဓါတ်ပုံ-နိရဉ္စရာ/ နေဇော်)
ရခိုင်ပြည်နယ်သံတွဲတွင် ရေကြီးနေပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဆက်လက် ရေတိုးနေသဖြင့် စာသင်ကျောင်းများအားလုံးကို ယာယီပိတ်ထားလိုက်ကာ မိသားစု (၂၀) ခန့်ကိုလည်း ဘေးလွှတ်ရာသို့ ပြောင်းရွှေ့လိုက်ရသည်ဟု သတင်း ရရှိသည်။
“ ပြောင်းရွှေ့လိုက်ရတဲ့ မိသားစုက ၁၉ စု၊ လူဦးရေအားဖြင့်ဆိုရင် ၈၅ ဦးပါ။ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ ဆံတော်တောင်ဘုရား ဓမ္မာရုံမှာထားပါတယ်။ သူတို့က ညောင်ပင်ဈေးရပ်ကွက်ကပါ” ဟု အလွတ် သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။
Thandwe-flood
ရေမှာ ဆက်လက်တိုးနေပြီး ရပ်ကွက်များထဲသို့ ရေများဆက်လက် ၀င်ရောက်နေဆဲ ဖြစ်သည်ဟု သိရသည်။
“ မိုးကတော့ နည်းနည်းစဲနေပါတယ်။ ရေကတော့ ဆက်တက်တုန်းပါ။ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်တဲ့သူတွေက  အထုပ်အပိုးတွေအဆင်သင့်ပြင်ပြီး အခြေအနေကို ကြည့်နေကြပါတယ်” ဟု သူက ဆိုသည်။
သံတွဲတွင် ယမန်နေ့က  မိုးရေချိန်လက်မ ၅.၅၇ ထိ ရွာသွန်းခဲ့ပြီး လက်ရှိ အချိန်တွင် စိုးရိမ်ရေမှတ်မှာ (၅) ပေကျော် ရောက်ရှိနေပြီဟု သိရသည်။
Thandwe-flood
ယခုအခါ စစ်တပ်မှ ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကို ဆေးဝါးအကူအညီပေးရန် ကားတန်းကြီးများဖြင့် ထွက်ခွာလာကြသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
အလားတူတောင်ကုတ်မြို့တွင်လည်း ရေကြီးနေပြီး တောင်ကုတ်ဈေးအပါအ၀င် မြေနိမ့်ရပ်ကွက်များကို ရေနစ်မြုပ်နေကြောင်း တောင်ကုတ်ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်လှက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: