Friday, August 1, 2014

မလေးရှားတွင် ရခိုင်တစ်ဦး ဓါးခုတ်ခံရ၍ ဆေးရုံရောက်

Save-Myanmar-People-in-Malaysiaမလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား တစ်ဦး ဓါးခုတ်ခံရပြီး ဒဏ်ရာပြင်းထန်သဖြင့် ယခုအခါ ဆေးရုံတင်ထားရသည်ဟု ယနေ့ထုတ် နေ့စဉ် သတင်းစာများတွင် ဖေါ်ပြသည်။
ဓါးခုတ်ခံရသူမှာ ကိုထွန်းအောင်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင် ရပ်ကွက်မှ ဖြစ်သည်ဟု ဆိုသည်။
ဇူလိုင်လ ၃၀ ရက်နေ့ ညဥ့် ၁၁ နာရီ အချိန်တွင် ကပ်ပုန်းမြို့ရှိ တရုတ်စားသောက်ဆိုင်တွင် လုပ်ကိုင်နေသော ကိုထွန်းအောင်သည် အလုပ်မှ နေအိမ်သို့ ပြန်စဉ် ဆိုင်ကယ်စီး အမျိုးသား (၄) ဦးက ဓါးများဖြင့် အသေခုတ်သတ်ခဲ့သည်ဟု ဆိုသည်။ သို့သော် အနီးအနားရှိ တရုတ်များ၏ အကူအညီဖြင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့သည်ဟု သိရသည်။
ဓါးခုတ်ခံရသဖြင့် ကိုထွန်းအောင်တွင် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဒဏ်ရာရှိခဲ့ပြီး ပြင်းထန်သည်ဟု ကပ်ပုန်းနာရေး ကူညီမူအသင်း ဥက္ကဌ ဦးဆန်းဝင်းအား ကိုးကားပြီး သတင်းစာများတွင် ဖေါ်ပြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကလည်း အတည်ပြုပြောကြားထားသည်။
ဇူလိုင်လ ၇ ရက်နှင့် ၉ ရက်နေ့ကလည်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများထဲမှ ထင်ရှားသူ နှစ်ဦးဖြစ်သည့် ကိုတိုနီနှင့် ကွာလာလမ်ပူရ် နာရေးကူညီမူအသင်း ဦးမျိုးပိုင်တို့ သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
ကိုထွန်းအောင်မှာ ဆာလာရမ်းဆေးရုံတွင်တက်ရောက်ဆေးကုသခံယူနေရပြီး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: