Friday, August 1, 2014

ရခိုင်ပြည်နယ်ရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် ရေးဆွဲထားသည့် ဥပဒေ လွှတ်တော် တင်မည်

ြ ပြုပင်ထိန်းသိမ်းရန် လိုအပ်နေသည့် မြောက်ဦးမြို့မှ ရှေးဟောင်းဘုရားတစ်ချို့ကို တွေ့ရစဉ်။
ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန်အတွက် ဥပဒေတစ်ရပ် ရေးဆွဲနေပြီး၊ လာမည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းရန်ရှိကြောင်း စစ်တွေမြို့နယ် မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က Rakhine News Agency သို့ ပြောသည်။
“လွှတ်တော်က ရှေးဟောင်းယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့အတွက် ပထမမူကြမ်းတစ်ခု ရေးထားတာရှိပါတယ်။ မူကြမ်းမှာ ပါတဲ့ အချက်တွေသည် ရခိုင်ယဉ်ကျေးမှု နဲ့ လိုက်ဖက်ရဲ့လား ဆိုတာကို ဒီမှာ ရှိတဲ့ ဒေသခံ ရခိုင် သမိုင်းပညာရှင်တွေနဲ့ ဆွေးနွေးပြီးပါပြီ။ သူတို့ရဲ့ အကြံပြုချက်တွေကို မူကြမ်းထဲမှာ ထပ်ပြီးတော့ ဖြည့်ပါမယ်။ မလိုအပ်တာကို ဖြုတ်ပါမယ်။ ပြီးရင် လာမယ့် လွှတ်တော်မှာ တင်ဖြစ်ပါမယ်” ဟု ဦးအောင်မြကျော်က ပြောသည်။
အဆိုပါ ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေမူကြမ်း ပထမအဆင့် နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ကော်မတီဝင်များ၊ ဥပဒေ အကြံပေးအဖွဲ့ဝင်များနှင့် ရခိုင် သမိုင်းသုတေသီများ၊ သမိုင်းပညာရှင်များ သည် ယမန်နေ့က စစ်တွေမြို့တွင် ဆွေးနွေးခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ ပါ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး နှင့် ပတ်သက်၍ အာဏာသက်ရောက်စေရန် ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့်ရှိသည့် အလျောက် ယင်းဥပဒေမူကြမ်းကို လွန်ခဲ့သည့် နှစ်လခန့်ကတည်းက စတင်ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့ဒီ ဥပဒေမူကြမ်း မှာ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီဆိုပြီး တစ်ခု ဖွဲ့ဖို့ပါတယ်။ ကော်မတီက အချက်အလက်တွေကို ပြုစုပြီးရင် တစ်ခုခုလုပ်မယ် ဆိုရင် ပြည်ထောင်စု အစိုးရကို တင်ပြရမယ် ဆိုတဲ့ စာသားတစ်ခုပါတယ်။ ဒီတော့ ကျွန်တော်က ဒီဟာက ပြည်ထောင်စုအထိ တင်ပြစရာမလိုဘူး။ ပြည်နယ်အစိုးရမှာ လုံးဝလုပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် တင်ပြရမယ်ဆိုတဲ့ နေရာမှာ ညှိနှိုင်းရမယ် ဆိုတဲ့ စကားလုံးနဲ့ အစားထိုးသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် စာရေးဆရာ နီမင်းသျှင် (စစ်တွေ) က ပြောသည်။
အဆိုပါ ဥပဒေမူကြမ်းကို ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ကော်မတီနှင့် ဥပဒေ အကြံပေးအဖွဲ့တို့က ရေးဆွဲနေခြင်းဖြစ်ပြီး၊ သြဂုတ်လအတွင်း စတင်မည့် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းပြီး အတည်ပြုသွားမည် ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောသည်။
ယင်းဥပဒေကို လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းပြီးပါက ရှေးဟောင်းယဉ်ကျေးမှု မြောက်ဦးမြို့ ကို ထိန်းသိမ်းရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်း စေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်လာမည် ဖြစ်သည်။
(ဤသတင်းအား Rakhine News Agency မှကူးယူဖော်ပြပါသည်)

No comments: