Friday, November 14, 2014

ရိုဟင်ဂျာဟု သုံးနှုန်းခြင်းကြောင့် ဘန်ကီမွန်းထံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပေးစာတစ်စောင်ပို့

အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသော ဘန်ကီမွန်း-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခဲ့ခြင်းအတွက် စိတ်အနှောင့်အယှ်ဖြစ်ရပြီး ကုလအတွင်းရေးမှူးချုပ်၏    လူနည်းစုအခွင့်အရေးအလေးထားမှုကို နားလည်နိုင်သော်လည်း ရိုဟင်ဂျာဟု သုံးစွဲမှုမှာ နှစ်ဖက်အသိုက်အ၀န်းအတွက် အစိုးရ၏ ဆောင်ရွက်ချက်လုပ်ငန်းများကို ထိခိုက်စေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ ယနေ့ရက်စွဲဖြင့် စာတစ်စောင်ပေးပို့လိုက်သည်။
နိုဝင်ဘာ ၁၂ ရက်  ထိပ်သီးအစည်းအဝေးများအပြီး မစ္စတာဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက လူနည်းစုအခွင့်အရေးကို အလေးထားသည့်အားဖြင့် ယခင်ကတည်းက ကုလက သုံးစွဲထားသည့် ရိုဟင်ဂျာအသုံးအနှုန်းကို သုံးစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရိုဟင်ဂျာစကားလုံးကို အသုံးပြုသည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးတို့အကြား ကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေသည်သာမက မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကြားတွင်လည်း နားလည်မှုလွဲမှားစေနိုင်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ်ကြိုးစားခြင်းသည် ရခိုင်ပြည်နယ်အတွက် လိုအပ်သော အကူအညီများပေးအပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမိုကြီးမားစေမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးမာင်မောင်အုန်း၏ ပေးစာတွင် ဖော်ပြထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မိမိတို့အနေဖြင့် အသိုက် အ၀န်းနှစ်ခုလုံး၏ အခွင့်အရေး နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးကိုသာ    ဦးစားပေး ဆောင်ရွက်သင့်ပြီး   နှစ်ဖက်အ ကြား ခွဲခြားခြားနားမှုကို တိုးပွား စေမည့် လုပ်ရပ်များကို ရှောင်ရှား သင့်ကြောင်းနှင့် မိမိရခိုင်ပြည်နယ် ၀န်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍   အသိုက်အ၀န်းနှစ်ခုအကြား အပြန်အလှန်နား လည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံရခိုင်တိုင်းရင်းသားများက ယုံကြည်မှုရှိလာစေရန် ဆောင်ရွက်လျက်ရှိ ကြောင်း ပေးစာတွင် ဖော်ပြထား သည်။
အတွင်းရေးမှူးချုပ်၏ပြောကြားချက်မှာ မြန်မာအစိုးရရရှိထားသည့် အောင်မြင်မှုများကို ပျက်ပြားစေပြီး ဒေသခံများ၏ ခံစားချက်များအပေါ်လည်း အကျိုးသက်ရောက်သွားမည်ကို စိုးရိမ်ကြောင်းဖြင့် ပေးစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော လူ့အခွင့်အရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်အား ဆက်လက်ထားရှိလိုသဖြင့်   ဘင်္ဂါလီကိစ္စကို   ရှေ့တန်းတင်လာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။
လွန်ခဲ့သော ၅ နှစ်က ကုလ သမဂ္ဂသည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကလေးစစ်သားများစုဆောင်းပြီး   စစ်မြေပြင်တွင် အသုံးပြုခြင်း၊  အဓမ္မခိုင်းစေခြင်းနှင့် ပေါ်တာဆွဲခြင်း သတင်းလွတ်လပ်ခွင့်ကိစ္စများအား ထောက်ပြပြောဆိုခဲ့သည်။
‘‘ဆုံးဖြတ်ချက်ကတော့ ရှိတုန်းပေါ့။ နောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့ တစ်ကမ္ဘာလုံးက စိုးရိမ်နေပြီ။ ရခိုင်ကိစ္စကိုအသားပေးလာတယ်။ မြန်မာနိုင်ငံသားတွေ လက်ခံမှုမရှိတဲ့ အသုံးအနှုန်းတွေကို ဦးစားပေးထည့်လာတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ၊ ဖွဲ့စည်းပုံတွေလည်းလုပ်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကို ထားချင်တဲ့ဆန္ဒနဲ့ ဆက်လုပ်နေတာ’’ဟု ဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။
တပ်မတော်အစိုးရလက် ထက်တွင်    လူ့အခွင့်အရေးနှင့် ပတ်သက်၍    ထောက်ပြခဲ့သောအချက်များအား လျစ်လျူရှုထားခဲ့ သော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အချို့အချက်များ ပြင်ဆင်မှုများရှိလာသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော ကုလသမဂ္ဂ အတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက  နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌  ရခိုင်ပြည်နယ်တွင် ခွဲခြားဆက်ဆံခံနေရသည့် ရိုဟင်ဂျာများ  အကြမ်းဖက်မှုနှင့်ရင်ဆိုင်နေရသည်ကို     စိုးရိမ် ကြောင်း’’  မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။
မစ္စတာဘန်က ရိုဟင်ဂျာဟု သုံးနှုန်းခဲ့မှုနှင့် ပတ်သက်၍ ရခိုင် အမျိုးသားရေးအင်အားစုများက လည်း ပြင်းထန်စွာကန့်ကွက်ခဲ့ သည်။
‘‘မသင့်တော်တဲ့စကားကို သုံးသွားတာ လုံးဝကန့်ကွက်တယ်’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦး သန်းထွန်းက ပြောသည်။
‘‘နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ဖြစ် တည်မှုကို မလေးစားရာကျပါ တယ်။ လိုအပ်လာရင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြင်းပြင်း ထန်ထန်ကန့်ကွက်သွားမယ်’’ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦး တင်ထူးအောင်က ဆိုသည်။
ရခိုင်အမျိုးသားအင်အားစု များက ဘင်္ဂါလီလူမျိုးအသိုက်အ ၀န်းသည် နှစ်ပေါင်းများစွာကပင် ပြည်ပမီဒီယာအဖွဲ့အစည်းများ အပေါ် ထိုးဖောက်မှုအားကောင်း သောကြောင့် နိုင်ငံတကာအသိုင်း အ၀ိုင်းမှာ   ရိုဟင်ဂျာဆိုသည်ကို နားယောင်နေခြင်းဖြစ်ကြောင်း လည်း သုံးသပ်သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုး ၁ သန်းကျော်ရှိပြီး ၎င်းတို့ ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် စိစစ်၍ မကိုက်ညီသူ များကို တရားဥပဒေအရ အရေး ယူဆောင်ရွက်ပေးရန် ဒေသခံများ က အစဉ်တစိုက်တောင်းဆိုထား ခဲ့သည်။ လက်ရှိတွင် ၁၉၈၂နိုင်ငံ သားဥပဒေအရ စိစစ်ထားသည့် ဘင်္ဂါလီ၁,၀၀၀ကျော်ရှိပြီး နိုင်ငံ သားဖြစ်ခွင့်၄၀ကျော်ရှိခဲ့ကာ နိုင် ငံသားပြုခွင့် ၁၇၀ခန့်ရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

No comments: