Wednesday, November 5, 2014

ပြည်ထောင်စုအဆင့်ဝန်ကြီး သုံးဦး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ စစ်တွေတွင် တွေ့ဆုံရှင်းလင်း


4-ministers-in-Sittwe
ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော ဦးစိုးသိန်း၊ ဦးတင်သိန်းနိုင်၊ ဦးခင်ရီနှင့် ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တို့သည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကဏ္ဍများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှင်းလင်းပွဲ တစ်ခုကို ယနေ့ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားအား စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့ပြီး  ရခိုင် ၀န်ကြီးများ၊ ဌာနဆိုင်ရာအစိုးရ၀န်ထမ်းများ၊ ၊ ဖွံ့ဖြိုးရေးကဏ္ဍကို ဦးစီးလုပ်ကိုင်နေသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဘများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၇၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ယင်းရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးများက ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို ရှင်းလင်းပြောကြားခြင်းအပြင် စီမံကိန်းကို ဦးစီးလုပ်ကိုင်နေသော ဌာနဆိုင်ရာအကြီးအကဲများက ရှင်းလင်းခြင်း၊ တက်ရောက်လာသူ ရပ်မိရပ်ဘများက ပြန်လည် မေးမြန်းတင်ပြခြင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ရှင်းလင်းခြင်းများကို ရင်းနှီးပွင့်လင်းစွာ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးတိုးတက်ရေး၊ ရခိုင်အမျိုးသားများကိုယ့်စာပေ ဖေါ်ထုတ်ရေးနှင့် ရခိုင်အမျိုးသားအချင်းချင်းအကြား စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်သည့်အကြောင်းများကို ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ထည့်သွင်းပြောကြားခဲ့သည်။
“ရခိုင်ပြည်နယ်မှာ တည်ရှိတဲ့အဓိက မြစ်ကြီးလေးသွယ်လိုမျိုး မြန်မာနိုင်ငံ ဘယ်နေရာမှာမှ မရှိပါဘူး။ ဒီမြစ်ကြီးလေးသွယ်ကို စနစ်တကျထိန်းသိမ်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်သူတွေက အသုံးချနိုင်ရပါမယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်ဘာသာနဲ့ မြန်မာဘာသာ နှစ်မျိုးနဲ့ထုတ်ဝေတဲ့ ဒေသသတင်းစာ ပေါ်ထွက်စေချင်ပါတယ်။ ရခိုင်လိုထက်ဝက်၊ ဗမာလို ထက်ဝက် ဖေါ်ပြကြပေါ့။ မွန်ပြည်နယ်မှာတော့ အခုလိုမျိုးသတင်းစာ ထွက်နေပါပြီ။ နောက်ပြီးတော့ ရခိုင်ပြည်သူတွေအနေနဲ့ စွမ်းရည်ရှိအောင်၊ ကျန်းမာ သန်းစွမ်းမှုရှိအောင်၊ စည်းလုံးညီညွတ်မှုရှိအောင် လုပ်ဆောင်ကြရပါမယ်”ဟု ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းကပြောသည်။
ဆက်လက်ပြီး ၀န်ကြီးက ရခိုင်ပြည်နယ်မှာတည်ဆောက်နေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံတွင် အဆင့်မြင့်ဆုံးဖြစ်ကြောင်း၊ အပန်းဖြေကမ်းခြေများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းအားဖြင့် ဒေသစီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ Institution များ ပေါ်ပေါက်လာပါက ပြည်ထောင်စုအစိုးရက ပံ့ပိုးကူညီဖို့ အဆင်သင့် ရှိကြောင်းလည်း ရှင်းပြသွားပါသည်။
ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှုလွယ်ကူပြီး ကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရန် ပြည်တွင်းပို့ကုန်များကို သဘောင်္ကြီးများဖြင့် ပို့ဆောင်ဖို့လိုအပ်ကြောင်း၊ ယင်းသို့ပို့ဆောင်နိုင်ရန်အတွက် စစ်တွေမြို့တွင် ဆိပ်ကမ်းတစ်ခု အသစ် တည်ဆောက်ပေးဖို့ လိုအပ်ကြောင်း၊ ရထားလမ်းဖြင့် သယ်ယူပို့ဆောင်နိုင်ရန် အသုံးပြုနိုင်သော အပိုင်းများကို အလျင်မြန် အကောင်အထည်ဖေါ် လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း တက်ရောက်လာသူများက တောင်းဆို တင်ပြခဲ့ကြသည်။
ယင်းကိစ္စများကို ရခိုင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်ရန် အကြံပေးသည့်အပြင် ဆိပ်ကမ်းနှင့် သဘောင်္ကျင်းကိုပါ တည်ဆောက်ပေးမည်ဖြစ်ပြီး၊ ပုဏ္ဏားကျွန်းနှင့်ပေါက်တောကို ဆက်သွယ်နိုင်မည့် တံတားတစ်စင်း တည်ဆောက်နိုင်အောင် သမ္မတကြီးဦးသိန်းစိန်ကို တိုက်ရိုက်တင်ပြသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဂတိပြုပြောကြားသွားသည်။
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ်လုပ်ဆောင်လျှက်ရှိသော စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆတ်ရိုးကျချောင်း ပြန်လည်တူးဖေါ်ခြင်း လုပ်ငန်းများသည် ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သက်ဆိုင်ရာ လုပ်ငန်းဦးစီးဌာနများက တာဝန်ရှိသူများက ရှင်းပြဖြေကြားသွားသည်။
For-minister
မောလိပ်ရပ်ကွက်မှ ရပ်မိရပ်ဘ တစ်ယောက်၏ စာသင်ကျောင်းနှင့် ကျောင်းသားကိုက်ညီမှု မရှိခြင်း၊ အမိုးများကို ဆားငံခံနိုင်အောင် ဆောက်လုပ်ပေးဖို့လိုအပ်ကြောင်း ထောက်ပြဝေဖန် အကြံပြုခဲ့သည်။
“ရခိုင်ပြည်နယ်က စာသင်ကျောင်းတွေထဲမှာ ကျောင်းအင်္ဂါရပ်နဲ့ညီညွတ်တဲ့ကျောင်း တစ်ကျောင်းမှမရှိဘူး။ စာသင်ခန်းတစ်ခုတည်းမှာ တပည့်အယောက် ၈၀ ကို သင်ပေးနေရတာတွေလည်းရှိတယ်။ ဆရာ မလုံလောက် တာတော့မဟုတ်ဘူး။ ကျောင်းတည်ဆောက်မှုဖွဲ့စည်းပုံလိုသွားတာ။ အထပ်မြှင့်ဆောက်လုပ်ပေးရပါမယ်။ စာသင်ကျောင်းတွေမှာ ကလေးတွေ ကစားနိုင်ဖို့အတွက် အားကစားကွင်းတွေ တည်ဆောက်ပေးရပါမယ်။ ကျောင်းခေါင်မိုးသွပ်ပြားကို ဆားငံဒဏ်ခံနိုင်တဲ့ဟာကို အသုံးပြုသင့်ပါတယ် ”ဟု ယင်းရပ်မိရပ်ဘမှ အကြံပြုတင်ပြခဲ့သည်။
သမ္မတရုံးဝန်ကြီးဦးတင်နိုင်သိန်းက ဒေသအလိုက် ဒေသခံလူထု၏တောင်းဆိုမှု၊ ယင်းဒေသ သဘာဝနှင့်ကိုက်ညီအောင် ကျောင်းအဆောက်အဦများကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး။ KG +12 ပညာရေးစီမံကိန်းနှင့်ကိုက်ညီအောင် ကျောင်းများကို ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ညှိနှိုင်းတည်ဆောက်သွားမည်ဟု ဖြေကြားခဲ့ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: