Wednesday, November 5, 2014

ရခိုင်ကလေးငယ်များရဲ့ပုံရိပ် “သင်ပုန်းပဲ့ချေတချပ်” သီချင်းခွေ ၀ံလက်ဖေါင်းဒေးရှင်းမှ ဖြန့်ဝေမည်

Tinpon-pae-cahy-thachat
နာမည်ကြီး ရခိုင် အဆိုတော်များ ပါဝင်သီဆိုထားသည့်  ရခိုင်ကလေးငယ်များ၏ ဘ၀ပုံရိပ်ကို ဖေါ်ကျူးထားသော “ သင်ပုန်းပဲ့ချေ တစ်ချပ်” သီချင်းခွေကို ၀ံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းမှ ဖြန့်ဝေမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာလို “သင်းပုန်းပဲ့လေး တစ်ချပ်” အမည်ရသော “ သင်ပုန်းပဲ့ချေတစ်ချပ်” သီချင်းခွေတွင် နာမည်ကြီး ရခိုင်အဆိုတော်များ ဖြစ်ကြသော ရမ္မာဝတီစံဝင်း၊ ၀င်းကိုခိုင်၊ စစ်နိုင်၊ L ကိုလင်း၊ ညီမင်းခိုင်၊ မောင်ကိုကို၊ မိုးဇော်၊ ကိုသန်းဆွေ၊ ကောင်းထက်စံ၊ စိမ်းလဲ့လဲ့၊ ညှာစိမ်းခိုင်၊ စောနှင်းနွယ်နှင့် ရီလှိုင်းပြာတို့က ပါဝင်သီဆိုထားကြောင်း သိရသည်။
ယင်းသီချင်းခွေအား ရခိုင်အဆိုတော်များမှ အမျိုးသားရေး စိတ်ဓါတ်ဖြင့် ၀ိုင်းဝန်းသီဆိုထားကြပြီး ရရှိလာသော ခွေရောင်းရငွေများကို မရှိ ဆင်းရဲသော ရခိုင် ကလေးများအတွက် ရံပုံငွေ အဖြစ် ထားရှိမည်ဟု ဆိုသည်။
“ သင်ပုန်းပဲ့ချေတချပ်” သီချင်းခွေကို အောက်တိုဘာလ ၃၁ ရက်နေ့က ၀န်လက် ဖေါင်ဒေရှင်းရုံးတွင် အခမ်းအနား တစ်ရပ်ပြုလုပ်ကျင်းပပြီး  ၀ံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားသို့ အလှူရှင်မိသားစု၊ အဆိုတော်တစ်ချို့၊ စာရေးဆရာတစ်ချို့၊ ၀ံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။
ယင်းသီချင်းခွေအား ထုတ်လုပ်နိုင်ရန် တောင်ကိုးရီးယားနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်နေသူ ရခိုင်အမျိုးသား မင်းရာမောင် ခေါ် ကိုထွန်းမင်းက ငွေကြေး စိုက်ထုတ် ကူညီပေးခဲ့သည်ဟု ယင်းအဖွဲ့၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။
သို့သော် အလှူရှင်သည် ကိုးရီးယားနိုင်ငံတွင် ရောက်ရှိနေ၍ သီချင်းခွေ လွဲအပ်ပွဲသို့ ကိုယ်တိုင်တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။
ယင်းအခွေတွင် သီချင်း ၁၅ ပုဒ်ပါရှိကြောင်း၊ တစ်ခွေလျှင် ၁၀၀၀ ဈေးနှုန်းဖြင့် ခွေ ၁၀၀၀၀ ထိ ဖြန့်ဝေရောင်းချသွားမည်ဖြစ်ကြောင်း၊  ရရှိလာသော ငွေကြေးအားလုံးကို ဆင်းရဲနွမ်းပါးသော ဒေသရှိကျောင်းများသို့ ၀ံလက်ဖေါင်ဒေးရှင်းက တဆင့် လှူဒါန်းသွားမည်ကြောင်း  ဦးသိန်းဝင်းက ဆက်လက် ပြောဆိုသည်။
ဝံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းသည် အသေးစား ငွေချေးလုပ်ငန်းအတွက် အလှူရှင်ထံမှ အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ရရှိထားပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း စစ်တွေမြို့နယ်များရှိ  မရှိဆင်းရဲသား မိသားစု ၅၀၀၀ ကို ၂၀၁၄-၂၀၁၅ အတွင်း ထုတ်ချေး သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ လည်ပတ်နိုင်စေရန်အတွက် လူငယ် ၁၈ ယောက်ကို ၀န်ထမ်းများအဖြစ် ခန့်အပ် လုပ်ကိုင် လျှက်ရှိသည်ဟု သူက ပြောသည်။
လက်ရှိ အချိန်တွင် စစ်တွေမြို့တွင် အဓိကထုတ်ချေးနေသည်ဟုလည်း နောက်ထပ်ဒါရိုက်တာ တစ်ဦးဖြစ်သူ ခိုင်ကောင်းစံက နိရဉ္စရာသို့ ရှင်းပြသည်။
IMG_20141031_135244
ဝံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်များ၌ စတင်အကောင်အထည်ဖေါ် လုပ်ဆောင်လျှက်ရှိပြီး နွေရာသီ ကျောင်းပိတ်ရက်များတွင် အင်္ဂလိပ်စာ သင်တန်းများကို နယ်လှည့်သင်ကြားရှိကာ ယခုနှစ်တွင် မြို့နယ် ၁၁ ခုထိ တိုးချဲ့လုပ်ဆောင်နိုင်ရန် ပြင်ဆင်လျှက်ရှိသည်ဟု ယင်းအခမ်းအနားတွင် ကိုသိန်းဝင်းက ပြောကြားသည်။
၎င်းအပြင် စစ်တွေမြို့ လေယာဉ်ကွင်းအနီး မြေဧက ၆၄ ဧကကို ငှားရမ်းကာ ဆင်းရဲသားမိသားစု ၄၀ အတွက် စိုက်ပျိုးရေး လုပ်ငန်း စီမံကိန်းတစ်ခုကိုလည်း အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိသည်ဟုလည်း သိရသည်။
ယင်းသီချင်းခွေများကို ပြည်သူများသို့ အလျင်အမြန် ဖြန့်ချိနိုင်ရန်အတွက် ၀ံလက်ဖေါင်ဒေးရှင်းဒါရိုက်တာ ခိုင်ကောင်းစံဦးဆောင်၍ ၀ံလက်ဖေါင်ဒေရှင်းမှ ဖွင့်လှစ်ထားသော ရောင်ခြည်အခမဲ့ကျောင်းမှ ဆယ်တန်းကျောင်းသူ/သား ၂၅ ယောက်က ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စစ်တွေမြို့ကိုပတ်၍ ရောင်းချလျှက်ရှိသည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: