Tuesday, November 11, 2014

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ပါတီဝင်အဖြစ် စည်းရုံးထည့်သွင်းလျှင် အရေးယူမည်

နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများကို ပါတီဝင်များအဖြစ် စည်းရုံး ထည့်သွင်းလျှင် သက်ဆိုင်ရာပါတီကို စိစစ်အရေးယူမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက The Voice သို့ ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၃ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများအတွင်း နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများကို ပါတီဝင်အဖြစ် ထည့်သွင်းထားနိုင်ပြီး ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကို ထည့်သွင်း စည်းရုံးထားပါက ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက် နောက်ဆုံးထား၍ ပါတီအတွင်းမှ ထုတ်ပယ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က ထုတ်ပယ်ဖို့ ညွှန်ကြားပြီးသား၊ သတ်မှတ်ရက် နောက်ပိုင်းမှာ စိစစ်တွေ့ရှိလို့ ကတော့ အရေးယူရမယ့် အပိုင်းပေါ့” ဟု၎င်းကဆိုသည်။
ယင်းသို့ သတ်မှတ်လိုက်ပါက နိုင်ငံရေး ပါတီများအတွက် လူထုစည်းရုံးရေးကို ချုပ်ချယ်ခြင်း ဖြစ်သော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိပါးရေး ရှုထောင့်မှ စဉ်းစားလျှင် မှန်ကန်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။ 
“လူ့အခွင့်အရေးကို ကြည့်မလား၊ စပ်ကူးမတ်ကူး ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး ပြဿနာတွေကို အခြေပြုပြီး နိုင်ငံတော် အချုပ်အခြာအာဏာ အတွက် ကာကွယ်ကြမလား ဆိုတာ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများသာ ပါတီ တည်ထောင်ခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။
ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/3860-nnt#sthash.fODGfX2v.dpuf
(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: